မျှော်တလင့်လင့်(ဇာတ်သိမ်း)
ညီမလတ် စာမေးပွဲပြီးလို့ အိမ်ပြန်တော့ ရထားဘူတာကို သဇင်ပါလိုက်ပို့တယ်။အိမ်အတွက်လည်း လက်ဆောင်တွေထည့်ပေးလိုက်သေးတယ်။ကို ဘယ်လိုပြောပြောမရပါ။စနေသမီး ဇွတ်တရွတ်လုပ်တတ်တယ်ဆိုတာ ခုမှပဲကိုယ်တိုင်ကြုံတော့သည်။ ညီမလေးကလည်း ရထားထွက်ခါနီးနောက်ဖြစ်အောင် နောက်သွားသေးသည်။
` မမရေ..ညီမလေးရဲ့ ကိုကို ကို မမလက်ကို အပ်ပါတယ်´
` ညီမလေးပဲ ပြောတော့ ညီမလေး ကိုကို က လိမ်မာတယ်ဆို´
`အင်း ဟုတ်တယ်လေ..ဒါပေမယ့်..´
ညီမလေးဘာဆက်ပြောမယ်ဆိုတာ ကိုသိနေပါသည်။သဇင် မမေးပါစေနဲ့လည်း ဆုတောင်းနေမိတယ်။သို့ပေမယ့် ကို့ရဲ့ဆုတောင်းတွေ မပြည့်ခဲ့ပါ။
` ဒါပေမယ့် ဘာဖြစ်လည်း ညီမလေးရဲ့ ဆက်ပြောလေ´
ညီမလေးက ဘာမှဆက်မပြောသေးပါ။ပြုံးပြီး ကို့ ကိုကြည့်နေပါသည်။ ကိုဘယ်လိုမှ မနေတတ်တော့ပါ။
` ကိုကို ပြောလိုက်ရတော့မလား ´
` အမ် ဘာကိုလဲ ညီမလေးရ..´
` ဒီလို မမရေ..ညီမလေးရဲ့ ကိုကို့ ကို မမလက်ထဲမှာ တစ်ဘ၀လုံးစာ အတွက်အပ်ခဲ့ပါတယ်နော်။ပြီးတော့ ကိုကိုက မမကို လေ..သွားပြီနော်မမ..ကျန်တာကိုကို့ ကိုပဲ ဆက်မေးတော့´
ညီမလေးက ပြောပြီးတော့ ရထားပေါ်ကို ပြေးတက်သွားပါတော့သည်။ရထားထွက်သွားလို့ လက်ပြနှုတ်ဆက်ပြီးသွားတော့ ကို သဇင်ကို့ မကြည့်ရဲတော့ပါ။ ကို ထင်ပါသည်။ မျက်နှာတစ်ခုလုံး နီရဲနေလိမ့်မယ်လို့။ဒီနေ့တော့ သဇင်နဲ့ အအေးဆိုင်မထိုင်ဖြစ်ပါ။
သဇင်ကလည်း မျက်နှာကြီးကို ငုံ.ထားတော့သည်။
အလုပ်ထဲမှာလည်း သဇင်နဲ့အတူတူလုပ်နေပေမယ့် မျက်နှာချင်းမဆိုင်ဖြစ်ပါ။ခုတော့ ညီမလေးလုပ်တာနဲ့ သဇင့်ကို ကို ချစ်နေမှန်း သိသွားပြီ။သဇင်တမျိုးထင်သွားမှာကို အရမ်းကြောက်တယ်။ပြီးတော့ အခွင့်အရေးကို အသုံးချတယ်လို့လဲ အပြောခံရမှာ ဆိုးတယ်။ဒါပေမယ့် သဇင့်ကိုချစ်တဲ့ အချစ်တွေက ပိုလာတယ်တောင် ထင်မိတယ်။ သဇင်နဲ့လည်း စကားအရမ်းပြောချင်တယ်။ သဇင့်ကို ပြောမယ့်စကားလုံးတွေက Diary စာအုပ်လေးထဲမှာသာ လဲလျောင်းခွင့်ရတော့သည်။ ပွဲရုံမှာ တခါတခါ သဇင်ရှိရာကို ခိုးကြည့်ဖြစ်တယ်။ဟိုးအရင်တစ်ခါလို မိသွားမှာကိုလည်း ကြောက်ရသေးတယ်။
အခုဆိုရင် နယ်တွေကို ခရီးထွက်ရင် သဇင့်ကို အမြဲလိုလို သတိရနေတတ်သည်။ခရီးက ပြန်လာလို့ သဇင့်မျက်နှာတွေ. လိုက်ရရင် အလွမ်းလေးတွေက လွင့်စင်ကုန်စမြဲ။သြော်..ဒါကို သဇင်မှ သိပါလေစ..။
ဒီနေ့ကို့စိတ်ထဲမှာ ထူးထူးခြားခြား ဖြစ်နေတယ်။ဘယ်လိုခံစားမှုမျိုးလဲဆိုတာ ကိုမပြောတတ်ပါ။ညနေရောက်တော့ ကို့စားပွဲရှိရာကို သဇင်လှမ်းလာတာကို တွေ့လိုက်တယ်။ပြီးတော့ အိမ်အပြန်လိုက်ပို့ပေးဖို့ ပြောသွားတယ်။အလုပ်ဆင်းတော့ သဇင့်ကို လိုက်ပို့ဖြစ်တယ်။ထုံးစံအတိုင်း ထိုင်နေကျ အအေးဆိုင်လေးမှာ ထိုင်ဖြစ်ခဲ့တယ်။နှစ်ဦးသား တော်တော်နဲ့ စကားမပြောဖြစ်ပါ။
` ကိုရဲ ..ဘာလုပ်နေတာလဲ စကားလဲမပြောဘူး´
` အင်းပြောမှာပေါ့ သဇင်ရဲ့..ဘယ်ကစပြောရမှန်းမသိလို့။ပြီးတော့ သဇင့်ကိုလည်း အားနာလို့´
` ဘာခုမှ အားနာတာလဲ..ရှေ.နေငှားတုန်းက ငှားပြီးတော့ ´
` အာ..ဟုတ်ပါဘူး သဇင်ရဲ့..ညီမလေးက ထင်ရာလျှောက်ပြောသွားတာပါ´
` အော် ဒါဆိုလည်း ပြီးတာပါပဲ..ဒါဖြင့်ဘာလို့ သဇင့်ကို စကားမပြောရတာလဲ ´
` ဒါကတော့.........´
`တော်ပါ ကိုရဲရယ်..ဟန်ဆောင်တတ်တာလည်းမဟုတ်ပဲနဲ့..။ကိုကြီးကတောင် သဇင့်ကို မေးနေတာ။ကိုရဲနဲ့ ဘာလို့စကားမပြောတာလဲတဲ့။ကိုရဲကို စိတ်ကောက်နေတာလားတဲ့..။ဟွန်း သဇင်ကပဲ မကောင်းဖြစ်ရသေးတယ်´
` ကို့ကိုလည်းမေးသေးတယ်..ဘာမှမဖြစ်ပါဘူးလို့ပဲ ဖြေလိုက်တယ်´
` ယုံလိမ့်မယ် အားကြီး´
`ဘာလို့လဲ သဇင်ရ ´
` ဘယ်သိမှာလဲ သွားမေးကြည့်ပေါ့´
` သဇင်က ကို့ကိုစိတ်ဆိုးနေတာလား´
`စိတ်မဆိုးပါဘူး၊ စိတ်ဆိုးစရာဘာမှမ မရှိတာ´
`သဇင်တစ်ကယ်ပြောတာနော်..´
`အင်းပေါ့..`
`ဟူး.......တော်ပါသေးရဲ့..´
` ဘာတော်ပါသေးရဲ့လဲ..လိုရာဆွဲမတွေးနဲ့နော်..ညီမလေးပြောတဲ့ ကိစ္စမပါဘူးနော်´
`အော်..သဇင်ကမှ သတိရသေးတယ်..သေချာမှတ်ထားတယ်ထင်တယ်..´
` ဟိတ်..လျှောက်မပြောနဲ့..ပျဉ်းမနားသား အရမ်းလည်တယ်´
` လည်ပါဘူးကွာ..ဟားဟား ´
` ရယ်မနေနဲ့...´
ဘာပဲပြောပြော သဇင်စိတ်မဆိုးဘူးဆိုတာကို သိလိုက်ရတော့ ဘာနဲ့မှနှိုင်းမရအောင် ပျော်ရွှင်ခဲ့ရတယ်။အချစ်ဆိုတာ ဒါလား မသိပါဘူးနော်။
ဒီဇင်ဘာရောက်တော့ ကိုနိုင်စိုးက တောင်ကြီးသူတစ်ယောက်နဲ့ လက်ထပ်သွားခဲ့တယ်။မင်္ဂလာပွဲက တောင်ကြီးမှာလုပ်တာဆိုတော့ သူတို့မောင်နှမ(၂)ယောက်စလုံး သွားကြတယ်။ပွဲရုံမှာက ကို ပဲဦးစီးရတော့တယ်။အလုပ်ရှင်မရှိတော့ ပိုဂရုစိုက်ရတယ်။တစ်ခုခုဖြစ်သွားရင် မကောင်းဘူးလေ။တော်ပါသေးရဲ့..အလုပ်သမားတွေကလည်း အစစအရာရာ မျက်နှာလွှဲလို့ရနေပြီ။ကိုနိုင်စိုး လက်ထပ်သွားတော့ အလုပ်သမားတွေက ကို့ ကိုမေးလာပြီ။ ကို ရောဘယ်တော့လဲပေါ့။ ယူစရာတောင်မရှိသေးဘူးလို့ ပြောတော့ အဆင်သင့်ရှိပါတယ်ဗျာလို့ ပြောကြတယ်။အကိုကလည်း သဘောတူမှာလို့ ဆိုသူက ဆိုကြတယ်။သူတို့ပြောတာတွေကို ကိုသဘောပေါက်ပါတယ်။ ကိုနိုင်စိုးကြားသွားရင် မကောင်းဘူးဟုလည်း ပြောရသေးသည်။ ဒါတောင် နားဖောက်ပြီးသား ဖြစ်တာပေါ့လို့ ပြောကြသေးတယ်။
သူတို့မောင်နှမ(၂)ယောက်လည်း တောင်ကြီးမှာ တစ်လခွဲကျော်ကြာသွားတယ်။သဇင်တောင်ကြီးက ပြန်လာတော့ ကို့မျက်စိထဲမှာ ပိုချောလာတယ်။မမြင်ရတာ ကြာလို့နေမှာပေါ့။ပြီးတော့ တောင်ကြီးက ရာသီဥတုကောင်းတော့ အသားတွေလည်း ပိုဖွေးလာတယ်။ ကိုလည်း တောင်ကြီးကို အရမ်းရောက်ဖူးချင်သည်။သို့ပေမယ့် ခုထိတော့ အခြေအနေမပေးသေးပါ။
`ဟိတ် ကိုရဲ ဘာတွေစိုက်ကြည့်နေတာလဲ ..မမြင်ဘူးလို့လား ´
` အင်းပေါ့ ပိုချောလာတော့ မမြင်ဖူးဘူးလို့ပဲ ပြောရမှာပေါ့ ´
`အ ဟား ကိုရဲကတော့လေ စကားကိုတတ်လာတယ်´
` သဇင် သင်ပေးတာနေမှာပေါ့ ´
` ဆိုင်ပါဘူးနော် သဇင်နဲ့ ´
` အော်ဆိုင်တာပေါ့ သဇင်နဲ့နေမှတော့ စကားတတ်မှရမှာပေါ့ ။စကားမတတ်ရင်တောင်မှ ရင်ထဲက စကားတွေက အလိုလိုထွက်ကျထာတာလေ.. ´
` ကိုရဲကတော့လေ..။ဒါနဲ့ ကိုရဲကို ပြောစရာ၇ှိသေးတယ် သိလား ´
`အမ် ဘယ်လိုသိမှာလဲ ပြောမှ မပြောရသေးတာ ´
` ကိုရဲ မနောက်နဲ့ ကွာ အကောင်းပြောမလို့´
`အော် အကောင်းက ပြောမှာလား သဇင်က ပြောမှာလား ´
` ဟာ ကိုရဲကွာ..´
` ကဲပါ စတာပါ..ပြောလေ´
` ဒီလိုပါ တောင်ကြီးမှာ အရမ်းပျော်ခဲ့တယ် သိလား။မရောက်တာကြာလို့လား မသိဘူး ပိုပြီးလည်း လှလာတယ်။ကိုရဲ ကော မသွားချင်ဘူးလား´
`အော် သဇင်ကလည်း အခြေအနေမှ မပေးသေးတာ ။နောက်ပေါ့´
` သဇင့်ဆီမှာ တောင်ကြီးက Photo တွေပါလာတယ်။ကိုရဲ ကိုပြဖို့ ယူလာတယ်.။ရော့ ဒီမှာကြည့်´
တောင်ကြီးရဲ့ ရှုခင်းတွေက အရမ်းလှပါသည်။စိတ်ကိုလည်း ကြည်နူးစေပါသည်။သို့ပေမယ့် သဇင့်ရဲ့အလှကိုတော့ ဘယ်အရာကမှ ဖုံးလွှမ်းနိုင်ခြင်းမရှိပါ။
` သဇင် ´
` ပြောလေ ကိုရဲ ´
` ကို့ ကို ဒီဓာတ်ပုံလေး ပေးပါလား ´
` ဟင် ဘာလုပ်ဖို့လဲ ´
` သဇင့် ကို အမြဲကြည့်ချင်နေလို့ ´
` ခုလည်း နေ့တိုင်း တွေ့နေရတာပဲ ကို´
` မတူဘူးလေ..အမြဲတမ်းတွေ့နေချင်တာ ´
`ပိုပြီ ´
` လိုတောင် လိုနေသေးတယ်´
` လျှောက်ပြော ´
` ဟုတ်ပါဘူး သဇင်ရဲ့ အမြတ်တနိုးနဲ့ သိမ်းထားချင်လို့ပါ´
` အင်းပါ ´
ကို ဘယ်လောက်ပျော်နေမယ်ဆိုတာ သဇင်သိနိုင်ပါသည်။ခဏနေတော့ သဇင်က အလှဆုံးပုံလေးကို ရွေးပေးပါသည်။ ထိုပုံလေးက ကို အလိုချင်ဆုံးပါ။
ဘာပဲပြောပြော သဇင်နဲ့က ရင်းနှီးမှုတွေ ပိုမိုခိုင်မြဲလာပါသည်။သို့သော် ကိုဘယ်တော့မှ သဇင့်ကို ဖွင့်ပြောဖြစ်မည်မဟုတ်ပါ။
ချစ်ခွင့်ရရုံနဲ့ကိုပဲ ကိုကျေနပ်နေမှာပါ ကလေးရယ်။သဇင့်ကို ဖွင့်ပြောဖို့ဆိုတာ ဖြစ်နိုင်ဦးပါ့မလား။
အချိန်တွေက ကုန်လွယ်လွန်းလှသည်။သင်္ကြန်တစ်ခေါက်တောင် ပြန်ရောက်တော့မှာပါလားလေ။သဇင်နဲ့တွေ့ရချိန်တွေက ပို၍မြန်ဆန်လွန်းလှသည်။ပွဲရုံလုပ်ငန်းကလည်း အရမ်းအောင်မြင်လာသည်။နယ်တွေကလည်း အရင်လိုတကူးတက မသွားရတော့။ ဖုန်းဆက်ပြီး မှာလိုက်ရုံသာ။ပွဲရုံမှာ အလုပ်သမားတွေလည်း ပိုမိုခန့်ထားရတယ်။ပြီးတော့ ပွဲရုံပိုင် ကုန်ကား (၄)စီးရှိနေပြီ။ နယ်စပ်ကို ကုန်ပို့ရာမှာ ကိုယ့်ပွဲရုံကားနဲ့ဆိုတော့ ပိုမိုအဆင်ပြေသည်။အလေအလွင့်လည်းနည်းတယ်လေ။
ဒီတစ်ကြိမ်သင်္ကြန်ကိုတော့ ကိုနိုင်စိုးရော၊သဇင်ကပါ အတင်းတား၍ မန္တလေးမှာ လည်ဖြစ်ခဲ့သည်။လူတွေအများကြီးနဲ့ ဟေးလားဝါးလား မလုပ်တတ်တဲ့ ကို့အတွက်တော့ စိတ်ညစ်ရပါသည်။အကြတ်နေ့တစ်ရက်လည်ပြီးတော့ နောက်နေ့မလည်ချင်ပေမယ့် သဇင်က အတင်းခေါ်တော့ လိုက်ရပြန်သည်။သင်္ကြန်ရေစိုစိုမှာ သဇင်နဲ့မျက်လုံးချင်းဆုံတိုင်း ရင်ခုန်သံတွေက ဆူညံမြဲ။ချစ်သောသူသာ ဘေးနားမှာရှိပါက လောကကြီးမှာ ဘာမှမလိုအပ်တော့ပါလားနော်။ဒါကြောင့်မို့လည်း တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ၊ထမင်းရည်ပဲ သောက်ရသောက်ရ လို့ စာဖွှဲ.ခဲ့တာနေမှာပေါ့လေ။ဒါပေမယ့် တာဝတိံသာနတ်နန်းက ချစ်သူကို လူ.ပြည်ခရောင်းတောမှာ မလျှောက်လှမ်းစေချင်တာတော့ အမှန်ပါ။
တစ်နေ့ ကိုနိုင်စိုးက စကားပြောစရာရှိတယ်ဆို၍ နှစ်ယောက်သား ၆၆ လမ်းရှိ Beer station သို့ရောက်ခဲ့တယ်။ ကိုနိုင်စိုးအလုပ်ကိစ္စပဲ ပြောမည်ထင်ခဲ့သည်။
`ကိုယ့်ညီကိုပြောမှာက တခြားမဟုတ်ပါဘူး ။အကို့ဦးလေးတွေက သဇင့်ကို အိမ်ထောင်ချပေးမလို့တဲ့´
ကိုနိုင်စိုး ဘာကိုဆိုလိုမှန်း ကိုနားမလည်ပါ။
`ကောင်းပါတယ် အကိုရဲ့ ။လူကြီးတွေ စီစဉ်တာပဲလေ..။ဘာလို့လဲ သဇင်ကလက်မခံလို့လား ´
` ညီမလေးက ဘာမှမပြောသေးပါဘူး ။ကိုယ့်ညီက ညီမလေးနဲ့သွားတာလာတာများတော့ သူ့မှာ ရည်းစားတွေဘာတွေရှိတယ်ဆိုတာ သိနိုင်မလားလို့ ´
` အော် မဖြစ်နိုင်ပါဘူး အကို။သဇင်ကလည်း တခါမှတော့ မပြောဖူးဘူး ´
` အေးပါကွာ ၊ဒါဆိုလည်း ပြီးရော..အကိုက ညီမလေးစိတ်ချမ်းသာအောင်လို့ပါ´
ကို မျှော်လင့်ပြီးသားပါ။တစ်နေ့မှာ ဒီလိုပဲဖြစ်လာမယ်ဆိုတာကိုလေ။ချစ်သူကို ချစ်ခွင့်ရနေသ၍သာ ချစ်နေရရင် ကျေနပ်ပါပြီ။
` ကိုယ့်ညီ ဘာတွေ စဉ်းစားနေတာလဲ ´
` ဘာရယ်မဟုတ်ပါဘူး အကို ´
` ကိုယ့်ညီကို မေးစရာတစ်ခု ရှိတယ်၊အမှန်ဖြေဖို့ ကြိုးစားပါ ´
` ဟုတ်ကဲ့ပါ အကို မေးပါ ´
` ကိုယ့်ညီနဲ့ ညီမလေးနဲ့ ကြိုက်နေကြတာလား ´
` မဟုတ်ပါဘူး အကို ´
` အမ် ဟိုတစ်ယောက် မေးတော့လည်း မဟုတ်ပါဘူးတဲ့။ဒါပေမယ့် ဦးလေးတွေ ပေးစားတဲ့သူနဲ့ မယူနိုင်ပါဘူးတဲ့။ ဘာတွေလဲကွာ။နားမလည်တော့ဘူး ´
` အကိုက သဇင့်ကို မေးပြီပြီပေါ့၊ ဟုတ်လား အကို ´
` အင်းလေ ၊ငါ က မင်းတို့နှစ်ယောက်ကို ဖြစ်နေပြီထင်တာ ´
` အော် အကိုရယ်..ကျွန်တော့် အခြေအနေနဲ့ သဇင့်ကို ဘယ်လိုဖွင့်ပြောရက်မှာလဲ ´
` ဟာ ဒါဆို မင်းက ငါ့ညီမကို ကြိုက်နေတာပေါ့ ဟုတ်လား´
` အကိုကလည်း တည့်ကြီးမမေးမဲ့လေ..´
` အောင်မယ် မင်းက ရှက်နေသေးတယ်။မိန်းကလေးကတော့ မင်းမပြောပဲနဲ့ ချစ်တယ်ပြောမလားကွ ´
` ဒါဆို အကိုက ညီတို့နှစ်ယောက်ကို သဘောတူတယ်ပေါ့ ´
` ရော် ခက်ပြီ..မင်းကလေ ဝေးလိုက်တာ..တုံးတာကမှ `တ´နဲ့တောင်မဟုတ်ဘူး `ဠ´ နဲ့ကို တုံးတာ ..ဟားဟား ´
` ဟာ အကိုရာ. ´
` မနက်ဖြန်မှာ ညီမလေးနဲ့တွေ့လိုက်လေ ´
` ဟုတ်ကဲ့ပါ အကို `
ဒီလိုအခြေအနေမျိုး ဖြစ်လာမယ်လို့ ကိုအိပ်မက်တောင် မမက်ဖူးပါ။ကိုနောင်စိုးပြောတာ ဟုတ်မှဟုတ်ရဲ့လားဟု ကိုယ့်အသားကို ပြန်ပြန်ဆိတ်ကြည့်နေမိတာ ဘယ်နှစ်ခါမှန်းတောင် မသိတော့ပါ။အော် နက်ဖြန်ကို မြန်မြန်ရောက်ချင်လှပါပြီ။
နောက်နေ့ပွဲရုံရောက်တော့ သဇင်က စကားကောင်းကောင်းမပြောပါ။ခပ်တည်တည်ကြီး နေနေသည်။ကိုလည်း ဘာမှားသလဲ အကြိမ်ကြိမ်စဉ်းစားနေမိသည်။ ဘာမှမမှားပါ။တစ်နေကုန် နေလို့ထိုင်လို့ မရ။ ကိုနိုင်စိုးကို ကြည့်တော့လည်း သူနဲ့ဘာမှ မဆိုင်သလိုပင်။ညနေအလုပ်ဆင်းချိန်ရောက်တော့ ကိုနိုင်စိုးက သဇင့်ကို လိုက်ပို့ဖို့ပြောသည်။သဇင့်ကို ကိုဘာမှ မမေးတော့ပါ။ အအေးဆိုင်လေးဆီကိုပဲ ဦးတည်မောင်းနှင်ခဲ့သည်။သဇင်ကလည်း ဘာမှမပြောပါ။
` ဘယ်သူက အအေးဆိုင်ထိုင်မယ် ပြောလို့လဲ ´
` အလိုက်တသိပေါ့ သဇင်ရ ´
` ဘာခုမှ အလိုက်တသိလဲ..ကိုကြီးလွှတ်လိုက်မှများ ´
`ဟမ်..သဇင်က သိတယ် ´
`သိတာပေါ့ ..ကိုကြီးနဲ့ သဇင်နဲ့က အမြဲတမ်းတိုင်ပင်နေကျကို။သဇင့်မှာတော့ မိန်းကလေးတန်မဲ့ ကိုကြီးနဲ့ ပြောလိုက်ရတာ သူကဖြင့်နေနိုင်လိုက်တာ ´
` အော် သဇင်ရယ်..ကို သဇင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ သဇင်ကဘယ်သိနိုင်မှာလဲလေ´
` သိပါတယ် ..မသိချင်ယောင်ဆောင်နေတာ ´
` သဇင်။ခုထပ်ပြောမယ်လေ၊သဇင့်ကို အရမ်းချစ်တယ် ´
` သွားပါ ခုမှများ..´
` အခုမှ မဟုတ်ပါဘူး သဇင်ရယ်..သဇင့်ကို ရေဦးဆုံးလောင်းမိတဲ့နေ့ကတည်းက စပြီးချစ်မိသွားတာပါ ´
` အပိုတွေ..´
` မဟုတ်ပါဘူး သဇင်ရယ်။မယုံရင် ဟောဒီ Diary စာအုပ်လေးကို ဖတ်ကြည့်ပါ´
သဇင်ရှိရာကို Diary စာအုပ်လေး ထိုးပေးဖြစ်သည်။သဇင်က စာအုပ်ကို လိုက်ဖတ်နေပါသည်။ခဏနေတော့
` ကိုရဲက သဇင့်ကို အဲဒီတုန်းကတည်းက ချစ်ခဲ့တာပေါ့ ´
` အင်းပေါ့ ´
` ဒါဆို ဘာ လို့ မပြောခဲ့တာလဲ ´
` ကြောက်လို့ ´
` ခုတော့ မကြောက်တော့ဘူးလား ´
` အင်းပေါ့ ´
` သွားပါ ဒီကဖြင့် ညီမလေးကို ဘူတာလိုက်ပို့ပြီးအပြန်မှာကတည်း က မျှော်လိုက်ရတာ ဘယ်တော့ဖွင့်ပြောပါ့မလဲလို့ ´
` ဒါဆို သဇင်က ကို့ကို ချစ်တယ်ပေါ့နော် ´
` အော် ဖြေစရာလိုသေးလို့လား မောင်ရယ်´
ဖတ်ရှုသူအပေါင်းကို ကျေးဇူးတင်လျက်
အလင်းသစ်
(၂၇.၀၃.၀၇)

