Wednesday, March 7, 2007

အနှိုင်းမဲ့

မေမေ..
ဒီနေ့က ရုရှားနိုင်ငံမှာ အမျိုးသမီးများနေပေါ့။သားတို့အတွက်ကတော့ ကျောင်းပိတ်ရက်ပေါ့ မေမေ။အမျိုးသမီးထုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့လေးကို သတ်မှတ်ပေးခဲ့ကြတာပါ။ဒီနေ့ထူးနေ့မြတ်လေးမှာ အမျိုးသားတွေက အမျိုးသမီးတွေကို ပန်းတွေပေးကြ၊ဆုမွန်ကောင်းလေးတွေ တောင်းပေးကြတယ်။အထူးသဖြင့် ကောင်လေးတွေက ကောင်မလေးတွေကို ပန်းစည်းတွေပေးကြ၊ချောကလက်တွေပေးကြပေါ့။
သူတို့တွေက အမျိုးသမီးတွေကို ဘာအတွက်ကြောင့် ဂုဏ်ပြုတယ်ဆိုတာကိုတော့ ကျွန်တော်မသိပါဘူး
မေမေ။ဒါပေမယ့် သားငယ်သိသလောက် တင်ပြပါရစေမေမေ။
လောကကြီးမှာ ယောက်ျားနဲ့မိန်းမ ဘယ်သူက ပိုမြတ်သလဲလို့ ငြင်းခုံလာကြတာ ဒီနေ့တိုင်အောင်ပါပဲမေမေ။ယောကျာ်းတွေဘက်ကလည်း ငါတို့တွေသာလျှင်အမြတ်ဆုံးသောဘုရားဆုကို ပန်နိုင်တယ်၊ခွန်အားကြီးပြီး အရာရာမှာ ဦးဆောင်နိုင်စွမ်းရှိတယ်ပေါ့လေ.။အမျိုးသမီးအနေနဲ့ကျတော့လည်း မိခင်ဆိုတာမရှိပဲ ကမ္ဘာလောကကြီးမှာ လူသားမျိုးဆက်သစ်ဆိုတာ မရှိနိုင်ဘူး၊အဆုံးစွန်ပြောရရင် မြတ်စွာဘုရားသော်မှ မိခင်ကမဖွားပဲ ပွင့်တော်မမူနိုင်ဘူးပေါ့
သူတို့တွေ ဘယ်လိုပဲငြင်းခုံနေကြပါစေ။
မေမေ...၊ ယောကျာ်းတွေက မိန်းမတွေထက် ခွန်အားကြီးတယ်ဆိုတာမှန်ပါတယ်။ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာစွမ်းအားကြီးမှုမှာတော့ အမျိုးသမီးတွေကို မမှီနိုင်ပါဘူး။အမျိုးသမီးတွေအားလုံးဟာ မိခင်တွေ၊မိခင်လောင်းလျာတွေ ဖြစ်ကြပါတယ်( အပျိုကြီးဘ၀နဲ့ အရိုးထုတ်သွားသူတွေ၊သီလရှင်တွေက လွဲရင်ပေါ့)။သူတို့တွေဟာ ကိုယ်ဝန်ဆောင်ခြင်း၊သားဖွားရခြင်းဆိုတာတွေကို ရှောင်လွဲလို့မရနိုင်ပါဘူး။အမျိုးသမီးတွေ သားဖွားရင် ဘယ်လောက်ထိအန္တရာယ်များတယ် ဆိုတာကို “မိန်းမမီးနေ၊ယောကျာ်းဖောင်စီး” လို့တောင် တင်စားခဲ့ကြပါတယ်။ဖောင်စီးပြီးခရီးသွားရခြင်း၊အလုပ်လုပ်ကိုင်ရ
ခြင်းတွေကို ယောကျာ်းတိုင်း မကြုံတွေ့နိုင်သလို၊အဲဒါကို ရှောင်လွှဲလို့လည်း ရနိုင်တယ်လေ။အမျိုးသမီးတွေ အနေနဲ့က သားဖွားခြင်းဆိုတာကို ဘယ်လိုမှ မရှောင်လွှဲနိုင်ဘူးလေ။နည်းပညာတွေ တိုးတက်နေပါတယ်ဆိုတဲ့ ဒီနေ့ခေတ်ကြီးမှာတောင် အန္တရာယ်ဆိုတာ လက်တစ်ကမ်းမှာပါ။
ဒါကြောင့်မို့လည်း ရှင်တော်ဗုဒ္ဓကတောင် မိခင်တွေရဲ့ကျေးဇူးကို နို့တစ်လုံးဖိုးတောင် ကျေအောင်ဆပ်ဖို့မလွယ်ဘူးလို့ ဟောခဲ့တာပေါ့။သူကိုယ်တိုင်တောင် မယ်တော်မာယာရဲ့ကျေးဇူးကို ဆပ်နိုင်ဖို့အတွက် တာဝတိံသာထိ ကြွချီပြီး တ၇ားဟောခဲ့ရတယ်လေ။သုံးလောကထွဋ်ထား ရှင်တော်ဘုရားတောင်မှ မိခင်ရဲ့နို့တစ်လုံးဖိုးကိုသာကျေအောင်ဆပ်နိုင်ခဲ့တာ၊ သာမာန်လူတွေအဖို့ဆိုရင်တော့ ဆိုဖွယ်ရာမရှိပေါ့။မိခင်တွေရဲ့ မေတ္တာတွေဟာ သားသမီးတွေ ထာဝရအနှိုင်းမဲ့ပါ။ဘုရားဟော ကျမ်းတွေမှာတောင် “မာတာပိတု”လို့ပဲ မိခင်ကို ရှေ့ကနေတင်ထားခဲ့တယ်လေ။
ခုလိုအမျိုးသမီးများနေ့မှာ သားငယ်ရဲ့စိတ်သန္တန်ကို ဦးဆုံးရောက်လာတာက မေမေရဲ့ပုံရိပ်တွေပါ။
ပြီးတော့ မေမေရဲ့အနန္တကျေးဇူးတွေကိုလည်း ပိုမိုသိမြင်လာတယ်မေမေ။မေမေရဲ့ ကျေးဇူးတွေကို ဘ၀ဆက်တိုင်းဆက်တိုင်းပြန်လည်ဆပ်ခွင့်ရှိစေဖို့နဲ့၊ဟိုး ယခင့်ယခင်ဘ၀တွေက မွေးမေမေတွေရဲ့ကျေးဇူးကို ပြန်လည်ဆပ်နိုင်ပါဖို့ သားငယ်ဆုတောင်းလိုက်ပါတယ်။
ဟောဒီလို နေ့ထူးနေ့မြတ်လေးမှာ မေမေအပါအ၀င် အမျိုးသမီးထုအားလုံးအတွက် သားငယ်ဆုတောင်းပေးလိုက်ချင်တာက...........
ဘ၀ရဲ့အခက်အခဲများကို လွယ်ကူစွာဖြတ်ကျော်နိုင်ပါစေ။
ဘ၀တလျှောက်လုံးမှာ ချစ်ခင်နှစ်သက်များနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြပါစေ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းနိုင်ကြပါစေ...
နောက်ဆုံးဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်အနေနဲ့............
အရာအားလုံးတို့ရဲ့ ငြိမ်းအေးရာ နိဗ္ဗာန် ကို ရောက်ရှိနိုင်ပါစေ...............

အလင်းသစ်(၀၈.၀၃.၀၇)

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home