မျှော်တလင့်လင့်(၅)
ဒီနှစ်မန္တလေးကို ပြန်ရတာစိတ်ထဲမှာပျော်သလို ဖြစ်နေမိတယ်။အရင်က အိမ်ကနေပြန်ရမယ်ဆိုရင် မပြန်ချင် ပြန်ချင်နဲ့ ပြန်တဲ့သူက ခုမှမန္တလေးကို ပြန်ရမှာကို ပျော်နေမိတယ်.။ကိုယ်တိုင်လည်း ဘာကြောင့်မှန်းမသိ။
ပွဲရုံမှာကအလုပ်က ပိုများလာတယ်။ခုနောက်ပိုင်းက ရန်ကုန်နဲ့ချိတ်ပြီးလုပ်တာဆိုတော့ ဈေးနှုန်းတွေက နာရီခြားပြီးပြောင်းနေသည်။နယ်တွေကိုလည်း တက်ရင်တက်သလို၊ကျရင်ကျသလို ဈေးနှုန်းကိုလိုက်ညှိပေးရတယ်။ဒါမှလည်း ကို့ဆီက ဖောက်သည်က သူများဆီမရောက်မှာပေါ့။ခုနောက်ပိုင်း ကိုနောင်စိုးက နှင်းသဇင်ကို ပွဲရုံကို ခေါ်လာပြီးစာရင်းတွေ ကူတွက်ခိုင်းလာသည်။စာရင်းတွေအားလုံးက ကို ကပဲဦးစီးပြီးလုပ်ရတာဆိုတော့ နှင်းသဇင်မသိတာတွေကို ကို ကပဲ ရှင်းပြပေးနေရတယ်။ကိုနောင်စိုးကလည်း နှင်းသဇင်ကို သေချာရှင်းပြပေးဖို့မှာထားတယ်။ တခါတလေ သူကိုယ်တိုင် ဘေးမှာ လာကြည့်တတ်တယ်။နှင်းသဇင်နဲ့ စာရင်းအတူတူလုပ်နေရင် ကိုပျော်တယ်။ပြီးတော့ ရင်ထဲမှာလဲ အမျိုးအမည်မသိ ခံစားမှုတစ်ခုကို
ခံစားနေရတယ်။အရင်က မာနကြီးမယ်လို့ထင်ထားခဲ့တဲ့ နှင်းသဇင်ရဲ့ မျက်နှာလေးက ကြည်ပြီးတော့အ၇မ်းအေးမြနေတယ်။ နှင်းသဇင်ရဲ့ အသံလေးတွေကလည်း ချိုမြနေတယ်။
`ဒါက အရင်လက ၀င်တဲ့ကုန်တွေအားလုံးရဲ့ တန်ဖိုး၊ပွဲရုံကနေ ထွက်တာတွေက ဒီဘက်မှာ၊လေလွင့်မှုနဲ့ အလုပ်သမားတွေ ရဲ့ လစာပေးချေမှုက နောက်စာအုပ်မှာပါ။မနှင်းသဇင် မရှင်းတာတွေရှိရင် ကျွန်တော်ကို မေးပါ´
`ဟုတ်..သဇင် မရှင်းတာတွေ ရှိရင် မေးမယ်လေ။ခုတော့နားလည်တယ်ထင်တာပဲ´
နှင်းသဇင်နဲ့က အလုပ်ထဲမှာ မသိတာတွေကို ရှင်းပြတာလောက်ပဲရှိတယ်။ရဲရဲတင်းတင်းလည်း ကို မဆက်ဆံရဲပါ။
ဒီနေ့တော့ ကိုနိုင်စိုးက တောင်ကြီးကသူ့ သူငယ်ချင်းတွေနှင့် ချိန်းထားလို့ထွက်သွားတယ်။နှင်းသဇင်ကိုလည်း အိမ်ကိုလိုက်ပို့ပေးဖို့ မှာသွားတယ်။အရှင်းဆုံးပြောရရင် ဒီနေ့ထိ ကိုနိုင်စိုးတို့အိမ် ဘယ်နားမှာရှိမှန်း ကိုမသိပါ။ပွဲရုံက အလုပ်သမားခေါင်းကြီးကတော့ သိတယ်။ကိုယ်နဲ့မဆိုင်ရင် စိတ်မ၀င်စားတတ်တာက ကို့ရဲ့အကျင့်ပဲလေ။
ပွဲရုံမှာသုံးဖို့ ကိုနိုင်စိုးက ဆိုင်ကယ်တစ်စီးဝယ်ပေးထားတယ်။အများဆုံးသုံးဖြစ်တာက ကိုပဲရှိတာလေ။နောက်တော့ ကိုနိုင်စိုး က ကို့ကိုပဲယူထားဖို့ ပြောတယ်။အလုပ်အသွားအပြန်ကိုလည်း နောက်တော့ဆိုင်ကယ်ကိုပဲ သုံးဖြစ်တော့တယ်။ မန္တလေးမှာက ဆိုင်ကယ်ရှိနေရင် သွားရေးလာရေး အဆင်ပြေတယ်။ခုတော့ နှင်းသဇင်ကို လိုက်ပို့ရတော့မည်။မိန်းကလေးတစ်ယောက်နဲ့မှ အတူတူမသွားဘူးတော့ နည်းနည်းတော့ စိတ်ထဲမှာ ကြောက်နေတယ်။ညနေ(၅)နာရီထိုးတော့ နှင်းသဇင်က အိမ်ပြန်တော့မည်ဟု ပြောသည်။ကိုလည်း စာရင်းတွေကို လက်စသတ်ပြီးတော့ နှင်းသဇင်ကို လိုက်ပို့ဖို့ ပြင်ရတယ်။နှစ်ယောက်လုံး helmet ဆောင်းပြီးတော့မှ
`မနှင်းသဇင်..၊ကျွန်တော့်ကို လိပ်စာပြောပြပေးပါလား´
`ရှင် ´
` အော်..မနှင်းသဇင်တို့ အိမ်ရဲ့လိပ်စာကို ကျွန်တော့်ကို ပြောပြပေးပါလား၊ဒါမှ ဘယ်လမ်းကသွားရမယ်ဆိုတာ သိမှာလေ´
` ကိုရဲသူက သဇင်တို့အိမ်ကို မသိဘူးလား´
` ဟုတ်တယ်´
`သဇင်က သိတယ်ထင်နေတာ။အိမ်က ၇၃*၇၄၊..၊.. လမ်းမှာပါ။´
လမ်းရောက်တော့ နှင်းသဇင်က အအေးဆိုင်ထိုင်ချင်တယ်ဆိုလို့ ဆိုင်ထိုင်ဖြစ်တယ်။
`ကိုရဲသူက အအေးဆိုင်တွေ ခဏခဏထိုင်ဖြစ်လား`
` အအေးဆိုင်တော့ သိပ်မထိုင်ဖြစ်ဖူး။လက်ဖက်ရည်ဆိုင်တော့ တစ်ပတ်တခါလောက်တော့ ထိုင်ဖြစ်တယ်´
`အော်..ဒါနဲ့ သင်္ကြန်အကြိုနေ့က သဇင်ရေလောင်းလိုက်တာကို မှတ်မိသေးလား´
`အင်း..၊မှတ်မိပါတယ်။ရုတ်တရက်ဆိုတော့ ကြောင်သွားတာပေါ့။ပြီးတော့ မထင်မှတ်ထားဘူးလေ´
`ဘာကို မထင်မှတ်ထားတာလဲ´
`နှင်းသဇင်က ကျွန်တော့်ကို ရေလောင်းမယ်လို့လေ´
`လောကမှာ ထင်မှတ်မထားတာတွေလည်း ဖြစ်တတ်ပါတယ်၊သဇင်လည်း အဲဒီနေ့က plan မရှိပါဘူး။ကိုရဲသူကို တွေ့ပြီးမှ ရေလောင်းချင်စိတ်ပေါက်တာနဲ့ သူငယ်ချင်းဆီက ရေဗူးကိုယူပြီး လောင်းလိုက်တာလေ´
` ကျွန်တော်လည်း အဲဒီနေ့က နှင်းသဇင်ကို ရေပြန်လောင်းတာ မိန်းကလေးတစ်ယောက်ကို ဦးဆုံးရေလောင်းခြင်းပဲ´
` ဟုတ်ပါ့မလား ကိုရဲသူရယ်၊ ရွာက သင်္ကြန်ကို နှစ်တိုင်ပြန်ပြီး ရေလောင်းနေတာကို သဇင်မသိဘူးထင်နေလို့လား´
`အာ..မဟုတ်ပါဘူးဗျာ၊မနှင်းသဇင်က ကျွန်တော့်ဘ၀မှာဦးဆုံးသူပါပဲ´
` ရှင် ´
" sorry ကျွန်တော်စကားပြောတာ လောသွားလို့ပါ´
နှင်းသဇင်ရဲ့ မျက်နှာလေးရဲတက်သွားတာကို တွေ.လိုက်ရတယ်။စိတ်ဆိုးသွားမှာကိုလည်း အရမ်းကြောက်သွားတယ်။
`ကိုရဲသူကော ဒီမှာနေရတာ အဆင်ပြေရဲ့လား´
` အင်း ပြေပါတယ်၊ခုတော့လည်း ကိုယ့်မြို့လိုကို ဖြစ်နေပါပြီ´
` ကိုရဲသူ..၊ကျွန်မကို သူများတွေခေါ်သလိုပဲ သဇင့်လို့ပဲခေါ်ပါ။မနှင်းသဇင်ဆိုတော့ ကျွန်မက ပဲ အသက်ကြီးနေသလို´
`အမ်..အဲလိုသဘောနဲ့ခေါ်တာ မဟုတ်ပါဘူး။မရင်းနှီးတော့ မကောင်းလို့ပါ´
`ခု ရင်းနှီးနေပြီလေ´
` ဟုတ်ကဲ့ပါ မနှင်းသဇင်´
` ဟွန်း ပြောရင်းဆိုရင်း.´
အဲဒီနေ့က မထင်မှတ်ပဲ သဇင်နဲ့ရင်းနှီးမှုတွေ အများကြီးရခဲ့တယ်။အိပ်ယာဝင်ခါနီးအထိ သဇင်ရဲ့အပြုအမူတွေ၊အသံလေးတွေကို ပြန်လည်မြင်ယောင်၊ကြားယောင်နေမိတယ်။ညရောက်တော့လည်း တော်တော်နဲ့အိပ်မပျော်ပါ။နှင်းသဇင်အကြောင်းကိုသာ စိတ်က ရောက်နေမိတယ်။အော်..ငါ့နှယ်..ဥမ္မာဒန္တီရဲ့အလှမှာ ရူးခဲ့ရတဲ့ သီဝိဘုရင်လို ဖြစ်နေပြီနဲ့ တူပါရဲ့။

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home