Sunday, April 29, 2007

ရာဝဏ္ဏ

အော် ရက်စက်လိုက်ကြတာနော်..ကလောင်စွမ်းများကြောက်ဖို့ကောင်းပါဘိ။
ငါ့နှယ်ခဏတာလေးတောင်
လူဆိုးမဟုတ်ပဲ၊ရာဇ၀င်လူဆိုးကြီးကို ဖြစ်ခဲ့ရပြီပေါ့။
ဒဿဂီရိ...ခေါင်းဆယ်လုံးနဲ့လူဆိုးကြီး....မျက်နှာများတဲ့လူဆိုးကြီးတဲ့။သူတို့တွေအတွက် အနှိုင်းခံတစ်ခုလိုတောင်ဖြစ်ခဲ့ရတယ်လေ။ဒဿဂီရိလိုမျက်နှာမများနဲ့တဲ့။
အချစ်လူကြမ်းကြီး မလုပ်ပါနဲ့တဲ့။အော်..ရာဝဏ္ဏတစ်ယောက်မျက်နှာမများခဲ့တာ..
အချစ်လူကြမ်းကြီးမလုပ်ခဲ့တာ ရာဝဏ္ဏကလွဲပြီး ဘယ်သူကသိနိုင်မှာတဲ့လဲလေ။
ဖခမည်းတော်ရေ..အကျွန့်ကိုချီးမြှင့်ခဲ့တဲ့အမည်နာမကိုနှောင်းလူတို့ မသိလေရော့သလား။
အကျွန့်ခမည်းတော်ကရာဝဏ္ဏလို့ပေးခဲ့တယ်လေ။
ရာ-သက်ရှိသက်မဲ့အရာအားလုံးတို့ကို၊၀ဏ္ဏ-အောင်မြင်အောင်ဆောင်ရွက်နိုင်စွမ်းရှိ
သောသူရယ်လို့။
ဒဿဂီရိဆိုတာ ခင်ဗျားတို့ထင်နေသလို ခေါင်းဆယ်လုံးနဲ့ဘီလူးကြမ်းကြီးမဟုတ်ခဲ့သလို မျက်နှာလည်း
မများခဲ့ပါဘူးလေ။အကျွန်တို့ ဒြာဝီဒီယံနယ်မှာ ရှေးဘုရင်တွေအဆက်ဆက်ကတည်းက မင်းနေပြည်တော်နဲ့
လွင်ပြင်တော်တွေကိုသာ စိုးမိုးအုပ်ချုပ်နိုင်ပေမယ့် တောတောင်တွေထူထပ်တဲ့နယ်စွန်နယ်ဖျားဒေသတွေကို
မအုပ်ချုပ်နိုင်ခဲ့ဘူးလေ။အဲဒီဒေသတွေမှာနေထိုင်တဲ့သူတွေဟာ ရက်စက်ကြမ်းကြုတ်ပြီး စစ်ရေးစွမ်းရည်လည်း
ကောင်းတာမို့ ဘယ်တုန်းကမှ အောင်နိုင်ခြင်းမရှိခဲ့ဘူးလေ။အကျွန်တို့ရဲ့ ဒြာဝီဒီယံနယ်မှာ ဒါမျိုးနယ်ပေါင်း
(၁၀)ခုတောင်ရှိခဲ့တယ်လေ။အကျွန်က ငယ်ငယ်ကတည်းက အဌာရဿ(၁၈)ရပ်ကို နှံ့စပ်ကျွမ်းကျင်အောင်
သင်ယူထားပြီး၊မြင့်မားထွားကျိုင်းတဲ့ ကိုယ်ခန္ဓာရှိခြင်း၊ဖျတ်ထိုးဥာဏ်ကောင်းခြင်း၊သွက်လက်ဖြတ်လတ်ခြင်းတို့
ကြောင့် ဒြာဝီဒီယံပြည်သူတွေက အကျွန်ဟာ ဒီ(၁၀)ခုသော နယ်တွေကိုအောင်နိုင်မယ်လို့ ယုံကြည်ကြတယ်လေ။ဒါကြောင်လည်း အကျွန်အသက်(၂၀)ပြည့်တဲ့အချိန်မှာ ခမည်းတော်က ထီးနန်းကိုလွှဲတော်မူတယ်။ဒါပေမယ့် အကျွန်ထီးနန်းကို လက်မခံခဲ့ပါဘူး။ဒြာဝီဒီယံ ပြည်သူတွေရဲ့ လိုအင်ဆန္ဒကို
မဖော်ဆောင်သေးပဲနဲ့ ဒြာဝီဒီယံတို့ရဲ့ ဘုရင်အဖြစ်ကို လက်မခံဘူးလို့ ဆုံးဖြတ်ထားတယ်။
ဒါကြောင့်အကျွန်ဟာ ခမည်းတော်ထံအခွင့်တောင်းပြီး ဒြာဝီဒီယံမှာရှိတဲ့ တပ်တော်တွေကိုလိုက်လံစစ်ဆေးတယ်။တပ်မှုးကြီးတွေနဲ့တိုင်ပင်ပြီး လက်ရွေးစင်တပ်သားတွေ ရွေးထုတ်တယ်။တပ်သားတွေအားလုံးရဲ့ စိတ်ထဲမှာလည်း ဒြာဝီဒီယံပြည်သူတွေအတွက်ဆိုတဲ့ ခံယူချက်ကို
သံမှိုနှက်သလို မြဲနေအောင် ရိုက်သွင်းခဲ့တယ်။သက်ဆိုင်ရာ တပ်မှုးတွေဆီကနေ အရင်တုန်းကတိုက်ပွဲတွေရဲ့
အသေးစိတ်ကို လေ့လာတယ်။ဘာကြောင့်ဒီနယ်တွေကို အောင်နိုင်မှုမရှိရတာလဲ။နောက်ဆုံးအကျွန်တွေ.ရှိ
လိုက်တာကတော့ ရှေးကနည်းတွေအတိုင်း အကျွန်ဆက်တိုက်ရင်လည်း အကျွန်ရှုံးမယ်ဆိုတာကိုလေ။
ရာဝဏ္ဏဥာဏ်သုံးရတော့မှာပေါ့။ဒီနယ်တွေက သူတို့အချင်းချင်းသာ မတည့်တာ ဒြာဝီဒီယံတွေ လာတိုက်ရင်တော့
စစ်ကူကြတယ်။ဒီတော့ဟာ.......ရာဝဏ္ဏဘာလုပ်မလဲ။
ပထမဆုံးစစ်ပွဲ။
ညီတော်ဘီဘိသေနကို အားအငယ်ဆုံးနယ်ပယ်ကို စစ်ဆိုင်ခိုင်းထားတယ်။ရာဝဏ္ဏတွက်ထားသည့်အတိုင်း
ဆိုလျှင် အနီးကပ်ဆုံး စီရင်စုများမှ စစ်ကူများရောက်လာကြမည်။ဒီခရီးကို အနည်ဆုံး(၁၀)ရက်လာရမည်။သူတို့
ဆီမှာ မြို့စောင့်တပ်သာ ကျန်ပေလိမ့်မည်။အစွန်ဆုံးသော စီရင်စုကိုတိုက်တာဆိုတော့ ကပ်လျှက်(၂)ခုမှ စစ်ကူ
များရောက်လာကြသည်။ညီတော်ကို စစ်သာဆိုင်ခိုင်းထားသည်။ရန်သူရှေ့တိုးလာလျှင် နောက်ကိုအနည်းငယ်
စစ်ကစားရမည်။
(၁၀)ရက်မြောက်နေ့။
မြို့စောင့်တပ်သာကျန်ရှိနေသော စီရင်စုနှစ်ခုကို အကျွန်ဦးစီးတဲ့တပ်က (၁)ခု။သေနာပတိကြီး စကာတိုဦး
ဆောင်သောလက်ရွေးစင်တပ်ဖွဲ့တွေက တစ်မြို့ အင်အားအလုံးအရင်းဖြင့် ၀င်ရောက်စီးနင်းကြတယ်။ဘယ်သူ
မှ မထင်မှတ်ထားတာမို့ (၂)ရက်ဖြင့် မြို့ကိုသိမ်းနိုင်ခဲ့တယ်။စစ်ကူသွားတဲ့တပ်တွေ ပြန်အလာကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက်ခဲ့တယ်။သိမ်းပြီးတဲ့ မြို့(၂)ခုဆီကို စစ်ကူတွေပြန်လာချိန်မှာ ဘီဘိသေနက ဆိုင်ထားတဲ့ စီရင်စုကို သိမ်းနိုင်ခဲ့တယ်လေ။အကျွန်ရဲ့နှလုံးရည်။လက်ရုံးရည်ကို အသိအမှတ်ပြုတဲ့အနေနဲ့ တပ်မှုးကြီးတွေအပါအ၀င် တပ်သားတွေက ဘီလူးကြီးတွေလို ရက်စက်တဲ့အရိုင်းကောင်တွေကိုအနိုင်ရတော့
ချစ်စနိုးနဲ့ ဒဿကြီးလို့ခေါ်ကြတယ်။ကျုပ်ကလည်း ဒီနာမည်ကို သဘောကျတယ်လေ။
အကျွန်ရဲ့ဦးဆောင်မှု၊တပ်မှုးကြီးတွေရဲ့ စစ်ရေးပရိယာယ်ပါးနပ်လာမှု။တပ်သားတွေရဲ့ ဒြာဝီဒီယံဆိုတဲ့ စိတ်ဓာတ်တွေ၊ပြည်သူတွေရဲ့ အားပေးမှုတွေက ဒီနယ်(၁၀)ခုလုံးကို အောင်မြင်ခြင်းရဲ့ သော့ချက်တွေပါပဲ။အကျွန်
နောက်ဆုံးတိုက်ပွဲအောင်မြင်ပြီးလို့ ခမည်းတော်နဲ့ပြည်သူတွေထံ စာချွန်တော်ပို့ပြီးနောက်နေ့မှာပဲ ခမည်းတော်
ဟာ ကံတော်ကုန်ရှာပါတယ်။အော်..သူ့ခမျာလည်းသားတော်ကြီးရဲ့ နောက်ဆုံးအောင်ပွဲအထိ စောင့်နေတော်မူတာပေါ့။အကျွန်လည်း လင်္ကာဒီပနန်းတော်ရဲ့အရိုက်အရာကို ဆက်ခံခဲ့တယ်။ပြည်သူတွေက
တော့ကျုပ်ကို ဒဿဂီရိ-(ဒဿ-ဘီလူးပမာရိုင်းစိုင်းသောသူတို့ဧ။်(၁၀)ခုသောနယ်မြေတို့ကို၊ဂီရိ-အောင်နိုင်
သောမင်းမြတ်)လို့ ခေါ်ခဲ့ကြတယ်လေ။အော်ခုတော့လည်း...ဒဿဂီရိဆိုတာမျက်နှာများသောသူတဲ့ ဒြာဝီဒီယံ
ပြည်သူတို့ရေ။
အကျွန်နန်းရပြီးတော့ မိဖုရားတင်မြှောက်ခြင်းတောင်မရှိခဲ့ပါဘူး။ခမည်းတော်လက်ထက်က မိဖုရားတော်တွေကို မယ်မယ်ရဲ့အစီအမံနဲ့သူ့တို့အဆောင်အယောင်တွေကိုပဲ ဆက်လက်ခံစားစေတယ်။
ရာဝဏ္ဏက ဒီလိုနေခဲ့တာတောင် မျက်နှာများတယ်လို့ဘာကြောင့်ပြောခဲ့ကြတာပါလိမ့်။
ဒါပေမယ့် သီတာဒေ၀ီကိုတွေ့ပြီးချိန်ကျမှ အကျွန်ရဲ့နှလုံးသားက နိုးထခဲ့တယ်လေ။သီတာဒေ၀ီ
ကို လူကိုယ်တိုင်ကိုတောင် မဟုတ်ပါဘူး။လေးတင်ပွဲဖိတ်စာမှာပါတဲ့ ပုံရိပ်လေးနဲ့တင် အကျွန်ရူးခဲ့ရတာပါ။လေးတင်
ပွဲမှာ သီတာကို ကိုယ်တိုင်တွေ့လိုက်ရတော့ အကျွန်ရဲ့နှလုံးခုန်နှုန်း အရမ်းမြန်ပြီး၊စိတ်တွေလှုပ်ရှားလွန်းတော့
သာမာန်အချိန်မှာဆိုရင် အကျွန်တင်နိုင်တဲ့လေးကို မတင်နိုင်ခဲ့လူးလေ။သီတာကို ရာမမင်းသားက ဆောင်ကြဉ်း
သွားတော့ အကျွန်စိတ်ထဲမှာဘယ်လောက်ထိခံစားနေရမလဲဆိုတာ သီတာသိနိုင်ခဲ့မှာ မဟုတ်ပါဘူးလေ။
ရာမမင်းသားက သီတာကိုအောင်နိုင်ပြီးသွားတဲ့နောက်မှာ သူတစ်ပါးရဲ့ဇနီးမယားကိုအမောင်စိတ်နဲ့
တောင်မပြစ်မှားခဲ့ပါဘူး။ဒါပေမယ့် အချစ်နဲ့စစ်မှာမတရားတာ မရှိဘူးဆိုတဲ့အသိနဲ့ သီတာကို လိုချင်မိပြန်တယ်လေ။ဒါကြောင့်လည်း ရွှေသမင်တွေပေါတဲ့အရပ်မှာ သီတာ့အတွက် ရာမမင်းသားက သမင်လိုက်နေတုန်း သီတာကိုအကျွန် ခိုးခဲ့တာပေါ့။ဘာကြောင့် ဒီလိုခိုးနိုင်ရတာလဲ။လေးတင်ပွဲမှာတုန်းက သီတာရဲ့ဘေးမှာ ရွှေသမင်ရုပ်တုလေးကို ဖျတ်ခနဲအကျွန်တွေ့လိုက်တယ်လေ။ဒါကြောင်မို့ အာရီယံတွေဆီ
သွားရာလမ်းမှာ ရွှေသမင်တွေပေါတယ်ဆိုတာကို ကြိုတင်သိထားတဲ့ အကျွန်ကသီတာကိုခိုးယူခဲ့နိုင်တာပေါ့။
သီတာစီးဖို့ ပန်းရထားကိုတောင် အကျွန်ရဲ့မြတ်နိုးလှစွာသော မြင်းကြီးနှစ်ကောင်နဲ့သေချာစီမံထားခဲ့တာလေ။
ခိုးယူပြီးတော့လည်း သီတာ့ကို အကျွန်လက်ဖျားနဲ့တောင် မတို့ခဲ့ပါဘူး။အကျွန် သီတာဆီက အချစ်တွေကိုပဲ
လိုချင်ခဲ့တာလေ။ဒါပေမယ့်သီတာကတော့ အကျွန်တို့ကို သံသယမျက်လုံးတွေနဲ့ပဲ ကြည့်ခဲ့တယ်လေ။
ပတ်ဝန်းကျင်ကို သံသယတွေနဲ့ကြည့်မယ်ဆို သံသယဖြစ်စရာတွေကိုပဲ တွေ.ရမှာပေါ့။သီတာရဲ့မျက်လုံးမှာတော့
အကျွန်တို့တွေဟာ တောရိုင်းကောင်တွေလို ဖြစ်ခဲ့မှာပေါ့လေ။အော် သီတာရယ်..ရရှိပြီးခြင်းမှ ဆုံးရှုံးသွားတဲ့
အချိန်ထိအောင် အခွင့်အရေးတွေရှိရက်နဲ့ သီတာကိုအကျွန် ဖြူစင်စွာချစ်ခဲ့တယ်ဆိုတာကို သီတာကိုယ်တိုင်လည်း သိခဲ့ပါတယ်နော်.။
သီတာ..မျက်နှာများခဲ့ပါတယ်ဆိုတဲ့ အကျွန်ရဲ့နှလုံးသားထဲမှာ သီတာတစ်ယောက်တည်းသာရှိခဲ့တာ။အချစ်
လူကြမ်းလို့သိခဲ့တဲ့ ရာဝဏ္ဏဟာ သူအရမ်းချစ်ရသူအပေါ်ကို ဘယ်လောက်ထိ ဖြူစင်ခဲ့တယ်ဆိုတာကို အကျွန့်
ကိုယ်စောင့်နတ်နဲ့ ဘုရားသခင်ကလွှဲပြီး မသိနိုင်တာမို့.............
သီတာရေ...ဒဿဂီရိလို့ လူသိများတဲ့ လင်္ကာဒီပရဲ့ ပြည့်ရှင် အကျွန်ရာဝဏ္ဏကတော့ ဟောဒီက ဘဒ္ဒဆိုတဲ့
ကမ္ဗာကြီး မပျက်သုန်းသရွေ. မျက်နှာများတဲ့သူကြီး၊အချစ်လူကြမ်းကြီးအဖြစ် တည်ရှိရဦးမှာပေါ့ကွယ်....။

မှတ်ချက်။။စာရေးသူဧ။် စိတ်ကူးမျှသာဖြစ်ပါသည်။
မေတ္တာဖြင့်
အလင်းသစ်
(၂၉.၄.၀၇)





Saturday, April 28, 2007

ကလေးကဗျာ

နွေကိုချစ်တာ ပိတောက်
မိုးကိုချစ်တာ စံပယ်
ဆောင်းကိုချစ်တာ သဇင်
ပြီးတော့...........
မင်းကိုချစ်တာ......ငါ။
နွေရဲ့သင်္ကေတက ဥသြ
မိုးရဲ့သင်္ကေတက စာမရီ
ဆောင်းရဲ့သင်္ကေတက ပျံလွှား
ပြီးတော့ ...........
ငါရဲ့သင်္ကေတက ........မင်း။
ဘာရယ်မဆိုင်
ကလေးဘ၀ရေးပေးလိုက်တဲ့
ကဗျာတစ်ပုဒ်ကြောင့်
ငါ့သူငယ်ချင်းတစ်ယောက်
ရည်စားရသွားခဲ့တယ်လေ။

(၈)တန်းတုန်းက သူငယ်ချင်းတစ်ယောက်သို့ အမှတ်တရ။
(29.4.07)

Wednesday, April 25, 2007

ပန်းချီကားတစ်ချပ်ကို ခံစားခြင်း

ကြာခဲ့ပါပြီလေ...ဒါပေမယ့် အဲဒီပန်းချီကားလေးက အချိန်တွေဘယ်လောက်ပဲကြာကြာ
အမြင်အာရုံထဲက ပျောက်ပျက်မသွားခဲ့ပါ။ပျောက်ပျက်မသွားနိုင်အောင်လည်း
ပန်းချီကားက လှပကာ အဓိပ္ပာယ်ပြည့်စုံလှသည်။ပန်းချီကားတွေကို စကားပြေတစ်ပုဒ်
ဖတ်ရသလို မဖတ်တတ်တဲ့ ကို့အတွက်တောင် ခက်ဆစ်ဖွင့်စရာမလိုအောင် ပြည့်စုံလွန်းနေတော့လည်း
ခုချိန်များထိ ဖျောက်ဖျက်မရနိုင်တာက ကိုအလွန်မဟုတ်တော့ပါ။
ကိန္ဒရီ၊ကိန္ဒရာ ယှဉ်တွဲကာ ကကြိုးသွယ်နေလေဟန် ပန်းချီကားကို လူတိုင်းလိုလိုမြင်ဖူးကြပေလိမ့်မည်။
ထိုပန်းချီကားမှာတော့ ကိန္ဒရီ၊ကိန္ဒရာ မောင်နှံနှစ်ဖော်ဧ။် မျက်နှာလေးတွေကို ကြည်နူးရိပ်လေးတွေ သန်းနေဟန်
ရေးဆွဲထားပေသည်။ကိန္ဒရာမောင်ဧ။် လက်တစ်ဖက်က ကိန္ဒရီမယ်လေးရဲ့ လက်တစ်ဖက်ကို ချိတ်ဆက်ထားပြီး
တစ်ဖက်ကတော့ အနာဂတ်ခရီး ဘယ်လောက်ဝေးဝေးတူနှစ်ကိုယ်ဆိုရင် သွားမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ရှေ့တူရူကို
ဆန့်တန်းထားတယ်လေ။
ဒီပန်းချီကားလေးကို ပိုမိုပြည့်စုံစေတာကတော့ .....
ကိန္ဒရီလေးရဲ့ ခြုံလွှာစလေးက ကန်ရေပြင်ရဲ့ မျက်နှာလေးကို ပွတ်သပ်ကျီစယ်ပြီး လှိုင်းနုလေးတွေကို ဖြစ်ပေါ်စေ
တယ်လေ။
ကန်ရေပြင်ရဲ့အရောင်ကိုလည်း ကြည့်ပါဦးလေ..။အပြာနုရောင်သမ်းနေတယ်လေ..။ဒါဆိုရင်
စန္ဒာလမင်းရဲ့ အလင်းနုလေးတွေ ရှိနေလို့ပေါ့။သေချာတာပေါ့လေ...အာကာယံမှာ သော်တာလမင်းက
တိမ်မည်းတိမ်ပုပ်တွေကင်းစင်လို့ ရံရွေတော် ကြယ်စင်လေးတွေနဲ့ အခစားခံနေတယ်လေ။အော် ဒါကြောင့်လည်း
ကိန္ဒရီ၊ကိန္ဒရာမောင်နှံရဲ့ မျက်နှာတော်လေးတွေဟာ ရွှင်ပြုံးနေတာပေါ့။သော်တာ့အလင်းက သက်ရှိသက်မဲ့အားလုံးရဲ့ စိတ်နှလုံးကို ကြည်နူးအေးမြစေတယ်လေ။
ကန်ရေပြင်မှာတော့ ကြာပွင့်လေးတွေက အစီအရီပွင့်လို့ပေါ့။ဒါကိုကြည့်ခြင်းအားဖြင့် ရိုးရိုးကြာပန်း မဟုတ်ဖူး
ဆိုတာကို သိနိုင်ပါပြီလေ။လရောင်ဆမ်းမှပွင့်တဲ့ ကုမုဒြာကြာပန်းလေးတွေပါလေ။အော် ..ကုမုဒြာကြာပန်း
ဆိုတာကလည်း လရောင်ဆမ်းမှပဲ ပွင့်နိုင်ရှာကြတာပါပဲလေ။
ပတ်ဝန်းကျင်တခုလုံးကလည်း တိတ်ဆိတ်ငြိမ်သက်ပြီးတော့ သော်တာလရောင်ကြောင့် အေးမြနေတယ်လေ။
ဘယ်လောက်များ ကြည်နူးစရာကောင်းလိုက်တဲ့ မြင်ကွင်းပါလဲနော်။
ကိန္ဒရီ၊ကိန္ဒရာဆိုတာ လူတွေစိတ်ကူးယဉ်ပြီး ရေးဖွဲ.ခဲ့ကြတာလေ....
တကယ်လို့များရှိခဲ့ရင်လည်း သူတို့လေးတွေ ပန်းချီကားထဲကလိုပဲ ပျော်ရွှင်နိုင်ပါစေလို့...။

အလင်းသစ်(၂၅.၀၄.၀၇)

Sunday, April 22, 2007

မေ

တခါတခါမှာ မျက်ရည်ဝဲတဲ့အထိ ကို ခံစားခဲ့ရပါတယ်မေ။ကျချင်ဆဲဆဲ မျက်ရည်ကို
ထိန်းခဲ့ရပေါင်းလဲ များပါပြီလေ။မေ့မှာ ကိုဆိုတဲ့အတွေး ဘယ်တုန်းကမှ
မရှိခဲ့ဘူးဆိုတာ ခုမှကိုသိခဲ့ရတယ်လေ။ဒါပေမယ့် မေ့ကို တခါမှ ကို မမေးခဲ့ပါဘူးလေ။ကို့ရဲ့အချိန်အများစုကသာ မေ့အတွက်ဖြစ်ခဲ့ပေမယ့် မေကတော့ ကိုယ့်အတွက်ဘယ်တုန်းကမှ
ထည့်မစဉ်းစားခဲ့ဖူးနော်။မေ့ကိုလည်း ကိုတခါမှ အပြစ်မတင်ရက်ခဲ့ပါဘူး။လူတစ်ယောက်အပေါ်
အပြစ်တင် စိတ်ဆိုးရခြင်းထက် အဲဒီလူဘက်ကနေသာ ပြန်ပြီးစဉ်းစားတတ်သူ
ကို့အတွက် မေ့လို ကိုယ်ကသာချစ်နေရသူအတွက်ဆိုပြောဖွယ်ရာ မရှိပါဘူးမေ။
မေ..အချစ်ဆိုတာကို အဓိပ္ပာယ်တွေ အမျိုးမျိုးဖွင့်ခဲ့ကြပါတယ်လေ။ချစ်သူဆိုတာ အားငယ်နေတဲ့
အချိန်မှာ အားပေးတတ်တဲ့ အဖော်မွန်လား။
တိုင်ပင်စရာတွေကို ရင်းရင်းနှီးနှီးတိုင်ပင်ကျဖို့လား။ပျော်ရွှင်စရာတွေကို မျှဝေခံစားဖို့လား။
မေ...တစ်ဖက်သတ်ချစ်နေသူတစ်ယောက်အတွက်ကတော့ အဲဒီလို ခံစားမှုတွေ မရနိုင်ဘူးဆိုတာ ကိုသိလိုက်
ရပါပြီမေ။ဒသဂီရိလည်း သီတာဒေ၀ီကို တဖက်သတ်ချစ်ခဲ့ရလို့ ဘယ်လောက်ထိခံစားခဲ့ရမယ်ဆိုတာ
ကိုယ်ချင်းစာတတ်ခဲ့ရပြီပေါ့။

Saturday, April 14, 2007

ဒီအချိန်ဆိုရင်

အရင်တုန်းကတော့ သင်္ကြန်ရောက်ရင် အိမ်ပြန်ရတော့မယ်ဆိုတဲ့ အသိနဲ့ သင်္ကြန်ကို မျှော်နေမိခဲ့တယ်။
သင်္ကြန်ဆိုတာ အမှတ်တရတွေကိုပေးတတ်သလား။ ပျော်ရွှင်မှုတွေကိုပေးတတ်သလား။လွမ်းမောဖွယ်ရာတွေကိုပဲ
ဖြစ်စေရော့သလား စိတ်မ၀င်စားခဲ့ဘူး။
သင်္ကြန်ရောက်လို့ သူများတွေရေကစားတာကိုကြည့်ပြီး ပျော်တယ်။ကိုယ်တိုင်က ရေပက်ဖို့ စိတ်မရှိခဲ့ဘူး။
သင်္ကြန်ကို မချစ်ခဲ့လို့လား။မဟုတ်ပါဘူး။
အိမ်ရှေ့ပိတောက်ပင်က ပိတောက်ပန်းတွေကို ပန်းဆိုတဲ့အသိလောက်ပဲ ထားခဲ့တယ်။
ပိတောက်ကို စိတ်မ၀င်စားခဲ့လို့လား။မဟုတ်ခဲ့ပါဘူး။
အခုလို သင်္ကြန်နဲ့ ဝေးနေတဲ့အချိန်ကျမှ သင်္ကြန်ရောက်လာရင် ရေကစားချင်တယ်။ရေတွေစိုရွှဲနေပြီး
အေးမြတဲ့၊လန်းဆန်းတဲ့ နှလုံးသားနဲ့ နှစ်သစ်ကို သွားချင်မိတယ်။
ပိတောက်ဝါတွေကို ကိုယ်တိုင် ခူးပြီး ပွေ.ဖက်နမ်းရှိုက်ချင်မိတယ်။
သြော်......ခုတော့ အတာရေနဲ့ဝေးနေသလို
ပိတောက်နဲ့လည်း ခြားနေခဲ့ပြီပေါ့။
အနေနီးလို့ မချစ်ခဲ့တာ မဟုတ်သလို
ဝေးနေရလို့လည်း ပိုဆွေးပြနေတာ မဟုတ်ပါဘူး။
သင်္ကြန်နဲ့ ပိတောက်ကို ချစ်ခဲ့ပေမယ့်
ချစ်နေခဲ့မှန်း မသိခဲ့လို့ပါ။
ခုတော့လေ....................

မြစိမ်းရောင် သစ်ခက်တွေကြားက
ရွှေအိုရောင် ပိတောက်ဝါလေးတွေကို
ချစ်သူရဲ့ ပိတုန်းရောင်ကေသာမှာ
ကိုယ်တိုင်ကိုယ်ကျ ပန်ဆင်ပေးနိုင်ဖို့ဆိုတာ
ဘယ်တော့များမှလည်းကွယ်..........။
အလင်းသစ်(အကျနေ့)

Thursday, April 12, 2007

မညီမျှခြင်း

Saturday, April 7, 2007

ဖြေဆည်ရာ

နှင်းတွေဝေတဲ့နွေမှာ
ပိတောက်တွေ သစ္စာမဲ့တာ
မဆန်းတော့ပါဘူး။
april နွေလည်မှာ နှင်းဝေခဲ့ပေမယ့်
နေခြည်နုနုလေးတော့ ရှိပါသေးတယ်။
သင်္ကြန်မှာ ပိတောက်တွေမပွင့်ခဲ့ပေမယ့်
ငုဝါပန်းလေးတွေတော့ ပွင့်ပါသေးတယ်။
ငါ့ရဲ့ဘေးမှာ မင်းမရှိတော့ပေမယ့်
အလွမ်းဖြေစရာ မင်းရဲ့
အငွေ.အသက်လေးတွေတော့ ကျန်နေဆဲပါ။

အလင်းသစ်(၇.၄.၀၇)

Tuesday, April 3, 2007

မေ

မေ.........
အချိန်ကာလဆိုတာ တစုံတရာကို မေ့ပျောက်ဖို့အကောင်းဆုံးလို့ဆိုခဲ့ကြတယ်လေ။ဒါပေမယ့် ကို့ကျတော့ မေ့ကိုလုံးဝမေ့မရခဲ့ပါဘူး။မေ့မရခဲ့တဲ့အပြင် မေ့ကိုပဲ အစဉ်သတိရနေခဲ့တယ်လေ။
မေ...........
ဗိုလ်ထီးရဲ့ သီချင်းလို ဂစ်တာအိုကသာ သံစဉ်အသစ်တွေနဲ့ နုပျိုနိုင်ပေမယ့်..........
ကို့အတွက်တော့ မေသာလျှင် ထာဝရသံစဉ်ပျိုပါ။
မေ........
ထွက်သွားတဲ့သူနဲ့ ကျန်ခဲ့တဲ့သူမှာ ကျန်ခဲ့တဲ့သူက ပိုခံစားရတယ်လို့ပြောကြတယ်။
မေကပဲ ထွက်သွားသူမို့ မခံစားရတော့တာလား။
ကို ကပဲ ချန်ရစ်ခံရသူမို့ ပိုခံစားရတာလား.......။

မေ.....
အချစ်ကြီးလို့ အမျက်ကြီးတဲ့သူထဲမှာ ကိုမပါစေရပါဘူး။နှစ်နှစ်ကာကာ ချစ်မိခဲ့သူအတွက် အမျက်ဆိုတာ မြူမှုန်တစ်မှုန်မျှတောင် မရှိခဲ့ပါဘူးကွယ်။

မေ.........
အချစ်နဲ့အမုန်းဟာ ရင်နဲ့ကျောလို ရှိခဲ့မယ်ဆိုရင်တောင်
အချစ်တွေရှိတဲ့ infinity ကိုပဲ
မေ့အတွက် ကိုထာဝရဦးတည်သွားမှာပါ။

အလင်းသစ်(၀၃.၀၄.၀၇)

သဘာဝ

ကောင်မလေးရေ...
လောကကြီးမှာ မတူညီတာတွေ
ပေါင်းစပ်နိုင်တာဆိုလို့
သံလိုက်အဖိုနဲ့အမပဲ ရှိတယ်။
သံလိုက်ဓာတ်ကလွဲလို့
မတူညီတာတွေပေါင်းစပ်ဖို့ဆိုတာ
ရှိတော့ရှိတယ်..
ဒါပေမယ့် ရှားတယ်။
သင်္ချာမှာတောင် အခြေမတူတဲ့အပိုင်းကိန်းနှစ်ခုကို
တိုက်ရိုက်ပေါင်းစပ်လို့မှ မရပဲ။
သင်္ချာမှာ အခြေတူအောင်လုပ်ဖို့ လွယ်ကူပေမယ့်
မင်းနဲ့ငါအတွက်ကတော့.......။
ကောင်မလေးရေ..
ကောင်းကင်နဲ့မြေကြီးလို မဝေးကွာလွန်းပေမယ့်
မင်းနဲ့ငါ ခြားနားမှုက
ကျဉ်းကျဉ်းလေးနဲ့ နက်ရှိုင်းလွန်းတာမို့...။

အလင်းသစ် (၀၃.၀၄.၀၇)