မျှော်တလင့်လင့်(၃)
ကို မန္တလေးမှာအလုပ်လုပ်ရတာ အခက်အခဲမရှိခဲ့ပါ။ဘုန်းကြီးကျောင်းမှာ တစ်ယောက်တည်း ချက်စားရတာဆိုတော့ ငွေကိုလည်းချွေတာရသေးတယ်။တခါတလေ အရမ်းပျင်းမှ လက်ဖက်ရည်ဆိုင်ကို ထိုင်ဖြစ်တော့တယ်။အလုပ်ဝင်ကာစကတော့ အိမ်ကိုငွေပို့ဖို့ကို တော်တော်စဉ်းစားရတယ်။လက်ထဲမှာလည်း နည်းနည်းပါးပါးတော့ ချန်ထားရသေးတယ်။ပထမတော့ စာတိုက်ကနေပဲ လွှဲဖြစ်တယ်။အလုပ်လုပ်တဲ့ (၂)နှစ်အတွင်း တစ်နှစ်တခါတော့ အိမ်ကိုပြန်ဖြစ်ခဲ့တယ်။သူများတွေ မန္တလေးသင်္ကြန်မှာ ပျော်နေချိန်မှာ ကို ကတော့ ရွာမှာပဲ နေခဲ့တယ်။ကိုနိုင်စိုးက မန္တလေးသင်္ကြန်မှာ လည်ဖို့ပြောပေမယ့် ကိုကတော့ မိသားစုကိုပဲ ပိုမိုခင်မင်နေမိတယ်။လောကကြီးမှာ ကို့ရဲ့မိသားစုသာ အရေးကြီးဆုံးလို့လည်း ခံယူထားတယ်လေ။အလုပ်မှာတစ်နှစ်တာ ပင်ပန်းခဲ့သမျှတွေက မေမေ၊ဖေဖေနဲ့ အစ်မ၊ညီမတွေရဲ့ နွေးထွေးမှုအောက်မှာ ပျောက်ကွက်ခဲ့ရစမြဲလေ။
ဒီနှစ်တော့ အိမ်ကို(၃)လတစ်ခါမှသာ ငွေလွှဲဖြစ်တော့တယ်။ဖေဖေကလည်း အိမ်မှာအရင်ကထက်
အဆင်ပြေကြောင်း၊ညီမလတ်ကလည်း သကြားစက်မှာ ၀င်လုပ်နေကြောင်း စာရေးတယ်။အရင်က ကို က မလုပ်ခိုင်းပါ။သို့သော် ညီမလတ်က သူလည်းအိမ်ကို ကူညီချင်တယ်ဟု ဆိုသဖြင့် ခွင့်ပြုခဲ့ရတယ်။ဖြစ်နိုင်လျှင် မိသားစုအတွက် ကို သာလျှင်အပင်ပန်းခံချင်သည်။အငယ်ဆုံးညီမလေးက ခုမှ(၇)တန်းဆိုတော့ ပိုက်ဆံသိပ်မလိုသေးပါ။သူကိုတော့ Day ထားပေးမည်ဟု ကို ကတိတွေပေးထားသည်။ညီမတွေကလည်း လိမ္မာတော့ ကို စိတ်မပူရပါ။
ကို တို့ရွာလေးမှာ ဖုန်းလိုင်းမရှိတော့ အိမ်ကစာကိုပဲမျှော်ရတယ်။တခါတလေ အိမ်မှာအရေးကြီးကိစ္စရှိရင် ဆက်ဖို့ ပွဲရုံက ဖုန်းနံပါတ်ကိုတော့ ဖေဖေကိုပေးထားတယ်။ရွှေမန္တလာရဲ့ နေပူပူ ဘ၀အမောတွေနဲ့ ရုန်းကန်နေရချိန်မှာ အိမ်က စာကိုဖတ်လိုက်ရရင် ကန္တာရထဲမှာ ခရီးသွားနေသူတစ်ယောက် အိုအေစစ်ကို တွေ့လိုက်ရသလိုပါပဲ။အော်...ကို့ရဲ့ဘ၀ကိုမိသားစုအတွက်ရယ်လို့ ဆုံးဖြတ်ခဲ့ပြီးပြီပဲ။
မတ်လထဲ ရောက်လာပြီဆိုရင်ပဲ မန္တလေးမှာ သင်္ကြန်သီချင်းတွေကို စကြားရပြီလေ။ကျုံးပတ်ပတ်လည်မှာလည်း မဏ္တပ်တွေနဲ့ပေါ့။ဒီအချိန်ရောက်တိုင်း ကို့ရဲ့စိတ်တွေပိုမိုတက်ကြွစမြဲပဲလေ။တစ်နှစ်တာခွဲခွာနေရတဲ့ မိသားစုနဲ့ ပြန်တွေ့ရတော့မယ်ဆိုတဲ့အသိက ဘာနဲ့မှနှိုင်းယှဉ်လို့မရအောင် စိတ်ကိုကြည်နူးစေတယ်လေ။
“ကိုယ့်ညီခုတလော တော်တော်ပျော်နေပုံပဲ”
“ဗျာ”
စာရင်းတွက်တဲ့နေရာမှာ စိတ်ရောက်နေတုန်း ကိုနိုင်စိုးက ပြောလိုက်တော့ ကို လည်းရုတ်တရက်ကြောင်သွားတယ်။
“အော်..အကိုကလည်း သင်္ကြန်နီးလာပြီလေ၊အိမ်ပြန်ရမှာကိုတွေးပြီးပျော်နေတာပါ”
“မင်းကလည်း တစ်နှစ်တလေ မန္တလေးသင်္ကြန်လည်ပါဦးကွာ”
“မလုပ်ပါနဲ့ အကိုရာ၊ရွာကိုပဲ ပြန်ပါရစေ”
“ဒါဆိုရင်တော့ မင်းလည်းမရိုးတော့ဘူးပဲ”
“ဗျာ...၊ဘာလို့လဲအကို”
“ရွာမှာ ကို့ညီကိုစောင့်နေမယ့် စာဥများရှိနေလားလို့...ဟာဟား”
“အကိုရာ စာဥမပြောနဲ့ စာကလေးတောင်မရှိသေးပါဘူး”
“အေးပါကွာ..ဟုတ်ပါပြီ..အကိုက မင်းအကြောင်းသိနေလို့စတာပါ”
အော်..ဘာလိုလိုနဲ့ မန္တလေးမှာနေတာတောင် (၃)နှစ်ပြည့်တော့မှာပါလား။
April လဆန်းတယ်ဆိုရင်ပဲ မန္တလေးမှာ တော်တော်လေးဆူညံလာပြီ။ဘယ်အဆိုတော်လာမယ်၊ဘယ်
မင်းသမီးလာမယ်ပေါ့။ဒီသတင်းတွေကိုသာကြားနေရပေမယ့် ကို စိတ်ဝင်စားမှုမ၇ှိခဲ့ပါ။
အရင်နှစ်တွေကဆို အကြိုနေ့မရောက်ခင် (၂)ရက်အလိုကတည်းက ကိုအိမ်ပြန်နေပြီ။ဒီနှစ်တော့ မုံရွာဘက်က ကုန်တွေက သင်္ကြန်နားနီးမှ ကပ်ဝင်တော့ ကို မပြန်ဖြစ်သေးပါ။
“ကို့ညီရေ..ဒီနှစ်တော့ အကြိုနေ့မှပဲပြန်တော့ကွာ။ကုန်တွေကလည်း ၀င်နေတုန်းဆိုတော့”
“ဟုတ်ကဲ့ပါ အကို၊ကျွန်တော်နားလည်ပါတယ်”
“ရထားလက်မှတ်တော့ အကို ၀ယ်ပေးထားမယ်”
“ဟာ...မလုပ်ပါနဲ့ အကိုရာ ကျွန်တော်ကိုယ်တိုင်ပဲ ၀ယ်ပါရစေ”
“လက်မှတ်က၀ယ်ဖို့အားလုံးစီစဉ်ပြီးပြီ။ကို့ညီမငြင်းနဲ့တော့။ပြီးတော့ ကို့ညီအိမ်အတွက်လည်း လက်ဆောင်ထည့်ပေးလိုက်ဦးမယ်။(၂)နှစ်ရှိပြီပြန်တာ ဘာမှမပေးရသေးဘူး”
အော်..ဒီလိုအလုပ်ရှင်မျိုးရတာ ကိုရဲကံကောင်းတာပေါ့။
အကြိုနေ့ မနက်ခင်းထိ ပွဲရုံမှာပဲရှိနေခဲ့တယ်။ကို သာလျှင်မဟုတ် ကိုနိုင်စိုးမှအစ အလုပ်သမားအားလုံးရှိနေခဲ့တယ်။ရောက်လာတဲ့ကုန်တွေကို ဂိုဒေါင်တွေထဲသေချာထည့်ပြီး၊ဂိုဒေါင်တွေကိုလည်း သန်းရှင်းရေးလုပ်ရသေးတယ်။နှစ်ဆန်းတစ်ရက်မတိုင်မီ သန့်ရှင်းနေရမယ်ဆိုတဲ့မြန်မာတို့ရဲ့ အယူအဆအရပေါ့။အလုပ်တွေအားလုံးပြီးသွားတော့ မနက်(၁၁)နာရီထိုးနေပြီ။အလုပ်သမားအားလုံးကို ကိုနိုင်စိုးက သင်္ကြန်တွင်းသုံးဖို့ မုန့်ဖိုးထုတ်ပေးတယ်။အလုပ်သမားတွေအားလုံးနောက်ကိုလှည့်ကြည်တာနဲ့ ဘာလဲလို့လှည့်ကြည့်မိတယ်။နှင်းသဇင်ဝင်လာတာကိုတွေ့လိုက်မိတယ်။ခဏတာတော့ ကို့ရဲ့ အသိတွေလွှင့်ပါးကုန်သည်။အော်..တော်တော်လှတာပါလား။မိန်းကလေးတစ်ယောက်ရဲ့
အလှကို ပထမဆုံးခံစားမိခဲ့တယ်။နှင်းသဇင်နဲ့အတူသူမရဲ့
သူငယ်ချင်းတစ်ယောက်ပါလာတယ်။အကိုဆီမှ သင်္ကြန်လည်ဖို့ မုန့်ဖိုးလာတောင်းခြင်းဖြစ်မည်။ကို့ရဲ့အလုပ်မဟုတ်တာနဲ့ ကိုလည်းစိတ်မ၀င်စားပါ။သူတို့တွေဘာပြောနေသည်မသိ။
ခေါင်းပေါ်မှစပြီး ကိုယ်ခန္ဓာတစ်ခုလုံးအေးစိမ့်သွားတဲ့အရသာကို ခံစားလိုက်ရတယ်။အံ့သြမှင်သက်စွာနဲ့ မော့ကြည့်လိုက်တော့ ရေသန့်ဗူးလေးကိုင်ကာရပ်နေသော နှင်းသဇင်ကိုတွေ့ရတယ်။ကို့ ရဲ့အသိဥာဏ်တွေ ဘယ်ရောက်ကုန်ပြီမသိ။နှင်းသဇင်က တ၀က်ခန့်ကျန်နေသောရေသန့်ဗူးလေးကို ထိုးပေးသည်။အလိုက်တသင့်ယူကာ နှင်းသဇင်ကို ရေပြန်လောင်းမိတယ်။နှင်းသဇင် ပွဲရုံမှထွက်ခွာသည်အထိ ကို့ ရဲ့ အပြုအမူတွေက စက်ရုပ်တစ်ရုပ်ပမာ။
“ကိုရဲ”
“ဗျာ”။
“ငါ့တူရာ အသက်မှရှိသေးလားလို့၊ဟဲဟဲ”
အလုပ်သမားခေါင်းကြီးပြောမှ ကို့ ရဲ့အာရုံတွေကို ပြန်လည်စုစည်းမိတယ်။
အော်..မိန်းကလေးရယ်...အမှတ်တရသင်္ကြန်ဖြစ်အောင် လုပ်ခဲ့တာလားကွယ်။

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home