နောက်ဆုံးမင်းရဲ့၇င်ခွင်ဆီ
မေ....
အခုတော့ ကိုရဲ့အဖြစ်က စန္ဒာလမင်းကြီး ရှိနေလျက်နဲ့ ဓူဝံကြယ်ကိုမှ တမ်းတမိနေသူလို ဖြစ်ခဲ့ရပြီပေါ့။
ကို့ ရဲ့အတ္တ တစ်ခုအတွက် အနီးဆုံးမှာရှိနေတဲ့ မေ့ကို လစ်လျုရှုခဲ့တယ်လေ။
မေ....၊ကိုပြောပြမယ်နော်.........
ဟိန္ဒူဘာသာရဲ့ အယူအဆက လူတွေက ဗြဟ္မာကြီးက ဆင်းသက်လာတယ်တဲ့။ဗြဟ္မာကြီးရဲ့ ညာဘက်နံရိုးတွေကို ယောကျာ်းလေးအဖြစ်ဖန်ဆင်းပြီး ၊ဘယ်ဘက်နံရိုးကိုတော့ မိန်းကလေးအဖြစ်ဖန်ဆင်းတယ်။
ဒါကြောင့်မို့ လူတွေက လောကကြီးမှာ သူတို့ရဲ့ လက်တွဲဖော် နံရိုးတွေကိုလိုက်ရှာလေ့ရှိကြတယ်။မြန်မာတွေရဲ့ အယူအဆအတိုင်းဆိုရင်တော့ ဖူးစာရှင်ပေါ့။သူတို့တွေဟာ သူတို့ရဲ့ အစုံ နံရိုးလေးတွေကို ကမ္ဘာမြေအနှံ့လိုက်ရှာကြတယ်လေ။တွေ့သွားကြရင် သူတို့လေးတွေဟာ အရမ်းကိုပျော်ရွှင်ခဲ့ကြတယ်လေ။
မေ...ကိုလည်း ကိုယ့်ရဲ့အဖော် ဘယ်ဘက်နံရိုးလေးကို အများနည်းတူလိုက်ရှာမိခဲ့ပါတယ်။
ဘယ်ဘက်နံရိုးလေးတွေကို တွေ့တိုင်း ကို့ရဲ့အဖော်နံရိုးလေလားလို့ ချဉ်းကပ်မိခဲ့ဖူးပါတယ်မေ။အစပထမတော့
ဟုတ်မလိုလိုနဲ့ နောက်ဆုံးတော့ ထားရစ်ခဲ့ခြင်းကိုပဲ ခံခဲ့ရတယ်မေ။အဲဒီအချိန်တုန်းက ကို့ရဲ့ဘေးနားမှာ မေရှိနေ
ခဲ့တာကို သတိမထားမိခဲ့ဘူးမေ...။မေ့ရဲ့အကြင်နာ၊မေရဲ့ပေးဆပ်မှုတွေကို ဥပေက္ခာပြုသလိုဖြစ်ခဲ့ရတယ်မေ။
ကို ဘ၀အမောတွေနဲ့ လုံးပန်းနေရချိန်မှာလည်း နှစ်သိမ့်ပေးခဲ့သူကလည်း မေ ရယ်ပါ။
မေ.........၊အနီးဆုံးမှာရှိနေတဲ့သူကို အဝေးဆုံးမှာလို့ထင်ခဲ့ပြီး၊အဝေးဆုံးက သူကို အနီးဆုံးလူလို့ ထင်မှတ်ခဲ့မိပါတယ်မေ...။အပင်ပေါ်မှာရော၊ပင်အောက် မြေခသည့်တိုင်အောင် မွှေးနေတဲ့ ခရေလို ချစ်သူရှိခဲ့ပေမယ့် အာသာဝတီနွယ်နီနတ်ပန်းကိုမှ အာသာငမ်းငမ်းလိုချင်မိသူလို ဖြစ်ခဲ့ရပါတယ်မေ။
မေ....၊ကိုယ့်ရဲ့အနီးပတ်ဝန်းကျင်ကို ပကတိအတိုင်းမမြင်နိုင်တာဟာလည်း အကန်းတစ်ယောက်နဲ့ အတူတူပါပဲမေ...။ခုတော့ မျက်စိနှစ်ကွင်း အလင်းပြန်ရတဲ့သူလို ကို့ရဲ့ဘေးနားမှာ မေထာဝရရှိနေခဲ့တယ်ဆိုတာကို သိခဲ့ရပြီမေ....။ပြီးတော့ ကို့ရဲ့ပျောက်ဆုံးနေတဲ့ တစ်ခုတည်းသော ဘယ်ဘက်နံရိုးလေးဟာလည်း မေ ပဲဆိုတာကို သိလိုက်ရပါပြီမေ...။
မေ...၊အရင်တုန်းက ဥပေက္ခာပြုခဲ့မှုတွေအတွက် မေပြန်လည်ခွင့်လွှတ်နိုင်ပါစေလို့ ကို ဆုတောင်းပါတယ်မေ..။နောက်ပြီးတော့ ခုကစပြီး မေ့ရဲ့အပါးမှာ ထာဝရ ခစားခွင့်ပြုပါလို့။
ချစ်ကြသူတိုင်း ကိုယ်နဲ့သက်ဆိုင်တဲ့
ဘယ်၊ညာ နံရိုးတွေနဲ့သာ
အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်ပါစေလို့ ဆန္ဒပြုလျက်
အလင်းသစ်(၀၆.၀၃.၀၇)

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home