Friday, March 2, 2007

မျှော်တလင့်လင့်(၂)

ကို သိတတ်တဲ့အရွယ်ရောက်တော့ အိမ်ရဲ့စီးပွားရေးက ပုံမှန်မဟုတ်တော့ဘူးဆိုတာ ကိုသိခဲ့ရတယ်လေ။ကိုတို့မှာ ပြေးကြည့်မှ လယ်မြေက (၃)ဧက နဲ့ ယာမြေလေး(၂)ဧက သာရှိတယ်။အရေးအခင်း
ပြီးသွားတော့ အကိုအကြီးဆုံးက အိမ်ထောင်ပြုသွားတယ်လေ။အစကတည်းကမှ မပြေလည်တဲ့ မိသားစုလေးမှာ
တာဝန်ပိုပိလာတာပေါ့။ကို ကတော့ (၅)တန်းပဲရှိသေးတော့ ဘာမှတော့ ကောင်းကောင်းနားမလည်သေးပါ။ဘွဲ့ရပြီး
ပြီးချင်း အိမ်ထောင်ပြုသွားတော့ မေမေက အရမ်းစိတ်တိုတာပေါ့။ဖေဖေကတော့ ဘာမှမပြောပါ။မိဘတို့ ၀တ်တရားရှိတဲ့အတိုင်း ဆောင်ရွက်ပေးလိုက်တယ်။အကိုလတ်က (၁၀)တန်း၊အစ်မက (၈)တန်း၊ကိုက (၅)တန်း၊စုစုပေါင်းကျောင်းသား(၄)ယောက်ရှိတဲ့ မိသားစုကို ဒီလယ်လေးတွေကရတဲ့ ၀င်ငွေနဲ့ မနည်းကျားကန်ထားရတယ်ဆိုတာ ကိုငယ်ငယ်လေးကတည်းက နားလည်ခဲ့ရတယ်လေ။သူများတွေလို ဖေဖေတို့ ကျောင်းမုန့်ဖိုးမပေးနိုင်ခဲ့ပါ။ကို ကျောင်းတက်ခဲ့ရတဲ့ ကာလတလျှောက်လုံးမှာ မုန်းဖိုးတခါမှ မတောင်းခဲ့ပါ။အဲဒီ(၅)တန်းနှစ်မှာပဲ ကိုသူငယ်ချင်းနှစ်ယောက်ရခဲ့တယ်လေ။ကိုတို့ရွာက အလယ်တန်းကျောင်း ရှိတော့ ပတ်ဝန်းကျင်ရွာတွေက (၄)တန်းအောင်ပြီးသူတွေက ကိုတို့ကျောင်းကို လာတက်ကြရတယ်လေ။သူ
များတွေကတော့ ကျောင်းဖွင့်ပြီး မကြာခင်မှာပဲ သူငယ်ချင်းတွေဖြစ်သွားကြတယ်။ကိုကတော့ တစ်ယောက်တည်းပဲ နေလာခဲ့တယ်။(၅)တန်းနှစ်ကုန်ခါနီးမှ ကို့ရဲ့အကြောင်းကို သိသွားတဲ့သူတို့နှစ်ယောက်နဲ့ ကိုသူငယ်ချင်းတွေ ဖြစ်ခဲ့တယ်။သူတို့ကတော့ နေထိန်နဲ့ အိသွယ်တို့ပါပဲ။နေထိန်က ကျီးအင်းရွာသား၊အိသွယ်က သာယာကုန်းရွာသူပေါ့။ကိုတို့(၃)ယောက်က အတန်းထဲမှာ စာတော်တော့ ပိုတွဲမိသွားတာလည်း ဖြစ်မှာပါ။စာနဲ့ပတ်သက်လာရင်တော့ သူငယ်ချင်းတွေကို ကို အမြဲရှင်းပြနေကြပါ။
ကိုတို့မိသားစုအနေနဲ့ လယ်တွေသိမ်းရင်လည်းကိုယ်တိုင် ရိတ်ကြရတယ်။အဲဒီအချိန်ရောက်ရင် ကိုကျောင်းပျက်နေကြပါ။လယ်(၃)ဧက ကို ဖေဖေ၊မေမေနဲ့ ကိုတို့ (၃)ယောက်ပဲ ရိတ်ရတယ်လေ။ဒီအချိန်ထိ ကိုအတွက် သိပ်မသိသာသေးပါ။ကို (၇)တန်းရောက်တော့ အကိုလတ်က (၁၀)တန်းအောင်ပြီးတော့ စစ်ထဲလိုက်သွားပါလေရော။ဖေဖေကလည်း အသက်ကြီးလာပြီဆိုတော့ လယ်တွေကိုအရင်ကလိုမလုပ်နိုင်
တော့ပါ။စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ ကိုလယ်ထွန်နေရပြီ။ဖေဖေကတော့ အမြဲပြောပါတယ်။တောင်သူဘ၀ဆိုတာ အရမ်းပင်ပန်းတယ်။ဖေဖေက သားတို့ကို ပညာအမွေပဲ ပေးနိုင်တာတဲ့။
ကို (၉)တန်းရောက်တော့ အိမ်ရဲ့စီးပွားရေးအခြေအနေက အဆိုးဆုံးအခြေအနေကို ရောက်သွားခဲ့တယ်လေ။ကြံ
စီမံကိန်းကြောင့် မူရင်းယိုယွင်းမှုကို ပိုမိုသွားစေခဲ့တယ်။ကြံက အရှုံးပေါ်တော့ ယာ (၂)ဧက ကိုရောင်းလိုက်ရတယ်။လယ်ယာကိုပဲ လုပ်တတ်တဲ့ ဖေဖေတို့အနေနဲ့ ဘာမှမလုပ်တတ်၊မကိုင်တတ်ဖြစ်သွား
တာပေါ့။ကို (၁၀)တန်းရောက်တဲ့နှစ်မှာ ကြံကဆက်ရှုံးတော့ အကြွေးတွေတင်လာတယ်လေ။ဒါပေမယ့် ဖေဖေက သားသမီးတွေကိုတော့ ကျောင်းမနုတ်ခဲ့ပါဘူး။(၁၀)တန်းမှာ သူများတွေလို ကိုကျုရှင်ကို မတက်နိုင်ခဲ့ပါ။ကျောင်းပိတ်ရက်တွေမှာ နေ့စားနေ့ကောက် လိုက်လုပ်ရတယ်။ရွာမှာဆိုတော့ အလုပ်ကတော့
မရှားပါ။ကျောင်းစာတွေ ကိုလည်း နေထိန်နဲ့ အိသွယ်တို့က လာလာရှင်းပြပေးတယ်။အော်...ကို သူငယ်ချင်းရတာ ကံကောင်းလို့ပေါ့။သူငယ်ချင်းတွေရဲ့ ကျေးဇူးနဲ့ (၁၀)တန်းကို ကောင်းကောင်းဖြေနိုင်ခဲ့တယ်။
စာမေးပွဲပြီးသွားတော့လည်း ရွာမှာပဲ ကြုံရာ ကျပန်းအလုပ်တွေ လိုက်လုပ်ရတယ်။တောင်ပေါ်တက်ပြီး ထင်းခုတ်ရတယ်။နောက်တော့ ပေါင်းလောင်းဘက်မှာရှိတဲ့ အရက်ချက်စက်ရုံမှာ တစ်လ(၃၀၀၀)နဲ့ဝင်လုပ်ဖြစ်တယ်။(၁၀)တန်းအောင်ပြီးသွားတော့ သူငယ်ချင်းတွေက ကျောင်းဆက်တယ်ဖို့ ပြောကြပေမယ့် အဝေးသင်ဖြေဖို့ပဲ ကို ဆုံးဖြတ်ခဲ့တယ်။အဝေးသင်ဖြေလို့ရအောင်လည်း သကြားစက်ကိုအလုပ်
ပြောင်းခဲ့တယ်။သကြားစက်က လခနည်းပေမယ့်စာမေးပွဲဖြေရင်လည်း အဆင်ပြေအောင်၊အိမ်ကိုလည်း ပိုပြီးကူလုပ်နိုင်အောင် ကိုပြောင်းခဲ့တယ်။ညီမတွေကလည်း အတန်းကြီးလာတော့ ကို့မှာတာဝန်ပိုကြီးလာပြီဆို
တာကိုနားလည်ခဲ့ရတယ်လေ။မှတ်မှတ်ရရပါပဲ..ကို ပထမနှစ်အဝေးသင် သွားဖြေတော့ လက်ထဲမှာ ငွေ(၅၀၀၀)သာပါတယ်။ဖေဖေတို့ကိုလည်း ကိုလုံးဝအပူမကပ်ခဲ့ပါ။အကိုလတ်က စာမေးပွဲသွာဖြေရင် မန္တလေးမှာတည်းဖို့ ဘုန်းကြီးကျောင်းလိပ်စာကိုပေးခဲ့တယ်။မန္တလေးရောက်တော့ အကိုလတ်ပေးထားတဲ့ တောင်ပြင်ထီးလင်းတိုက်မှာ တည်းပြီး စာမေးပွဲဖြေခဲ့ရတယ်။အနီးကပ်(၁၀)ရက်မှသင်တဲ့ စာတွေကိုပဲ ကို ရအောင်ကျက်ရတယ်။ကော်ပီကူးဖို့တော့ ကိုလုံးဝစိတ်မကူးပါ။ကိုတို့ရွာက ကျုရှင်တက်တဲ့သူငယ်ချင်းတွေဆီက မေးခွန်းတွေရတယ်လေ။အောင်မှတ်ဆိုတာ တစ်ကယ်စာကြည့်ရင် မခက်ပါဘူးဆိုတာ ကိုနားလည်ထားတယ်လေ။ပထမနှစ်မှာ လက်ဖက်ရည်ဆိုင်ဆိုတာ ဘယ်နားနေမှန်း ကိုမသိခဲ့ပေ။သူငယ်ချင်း သွားစရာမရှိဘူးဆိုရင် သူ့ဆီကစက်ဘီးငှားပြီး ဘုရားတွေလိုက်ဖူးတယ်။စာထဲကိုပဲ စိတ်နှစ်ထားခဲ့တယ်။
နောက်နှစ်မှာလည်း အရင်နှစ်ကလိုပဲ ဖြေနိုင်ခဲ့တယ်။ခုတော့ ကိုရဲ့လုပ်အားခနဲ့ ညီမတစ်ယောက်တောင် (၁၀)တန်းဖြေတော့မယ်လေ။ကိုအလုပ်စလုပ်တဲ့အချိန်ကစပြီး ညီမနှစ်ယောက်ရဲ့ ကျောင်းစရိတ်ကို ကိုကပဲ ထောက်ပံ့ခဲ့တယ်လေ။အဝေးသင်နောက်ဆုံးနှစ်မှာတော့ ကို့ဘ၀အတွက် ပြောင်းလဲဖို့ဖြစ်လာတယ်လို့ပဲ
ပြောရမှာပေါ့။ဒီနှစ်ကျမှပဲ ကျောင်းသားတွေအများဆုံးထိုင်တဲ့ UNISON ဆိုတဲ့ လက်ဖက်ရည်ဆိုင်ကို ကိုရောက်ဖူးတော့တယ်။အော်..တစ်ကယ်တော့ တက္ကသိုလ်ကျောင်းသားဘ၀ဆိုတာ ပျော်ရွှင်စရာအတိနဲ့ပါလား။ကို့မှာသာ ဘ၀အမောတွေနဲ့ လုံးပန်းနေရတော့ ကျောင်းသားဘ၀လေးကိုတောင်
ရသအပြည့်မခံစားနိုင်ခဲ့ပါ.။တစ်နေ့ ကိုစာမေးပွဲဖြေပြီးပြန်လာတော့ ကျောင်းမှာ ဦးဇင်းက ဒကာတစ်ယောက်နဲ့ စကားပြောနေတယ်။ခဏနေတော့ ကို့ ကိုခေါ်တာနဲ့ ကိုလည်းရောက်သွားရတယ်။
"ဒကာကြီးနိုင်စိုး၊ဒါစောစောက ဦးဇင်းပြောခဲ့တဲ့ ကိုရဲ ဆိုတာပဲ"
" ဒကာလေး ကိုရဲ၊ ဒါက ခုမန္တလေးမှာပွဲရုံလုပ်ငန်းတွေ လုပ်နေတဲ့ ကိုနိုင်စိုးတဲ့"
" ဟုတ်ကဲ့ ၊တွေ့ရတာ ၀မ်းသာပါတယ်အကို"
" အေးကွာ၊ ကိုယ့်ညီအကြောင်းကိုတော့ ဒီကဦးဇင်းပြောပြလို့ သိပြီးသွားပြီ၊အကိုလည်း တောင်ကြီးကနေ ပြောင်းလာတာ (၅)နှစ်လောက်ရှိပြီ။ပွဲရုံလုပ်ငန်းကိုတော့ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကမှ စလုပ်လာတာ။ကိုယ့်ညီ
ရဲ့အကြောင်းကိုတော့ ဦးဇင်းပြောပြလွန်းလို့ နားရည်ဝနေပါပြီကွာ။ဒီတော့ ညီလေးအနေနဲ့ ကိုယ့်ပွဲရုံမှာ စာရင်းကိုင်လုပ်နိုင်မလား။"
"ဟို...ဟို..အကိုအတွက် တကူးတကဖြစ်မနေဘူးလား၊အကိုက ဦးဇင်းကို အားနာပြီး..."
" မဟုတ်ပါဘူး ကိုယ့်ညီရာ"
" ဒကာလေးကိုရဲ ၊မင်းအတွက်ကောင်းမယ်ထင်လို့ ဦးဇင်း စီစဉ်ပေးထားတာ။ဒကာလေးပဲ တိုးတက်ချင်တယ်ဆို"
ဦးဇင်းပြောလိုက်တော့ ကို ဘာမှမပြောဖြစ်တော့ပါ။ဦးဇင်းကလည်း ကျောင်းမှာနေပြီးအလုပ်လုပ်စေချင်ကြောင်း၊ကျောင်းအတွက်လည်း အကူအညီရတာပေါ့လို့ပြောတယ်။
ကိုလည်းအိမ်ပြန်ပြီး မိဘတွေနဲ့တိုင်ပင်ပြီးမှ ပြန်လာမယ်ဆိုတဲ့အကြောင်း ပြောရတယ်။
" လခကိစ္စကိုတော့ မပူပါနဲ့ ၊ကိုယ့်ညီအဆင်ပြေအောင် ဆောင်ရွက်ပေးမှာပါ"
" ကျေးဇူးပါ အစ်ကို"
ဒီလိုနဲ့စာမေးပွဲပြီးတော့ ကိုရွာကိုပြန်ပြီး ဖေဖေတို့နဲ့တိုင်ပင်ရတယ်။ဖေဖေကတော့ သဘောတူတယ်။မေမေ
ကတော့အိမ်မှာပဲ မိသားစုအတူတူနေပြီး အလုပ်လုပ်စေချင်တယ်။ဒါပေမယ့် စိတ်အားထက်သန်နေတဲ့ သားငယ်
ရဲ့အလိုကို လိုက်ပေးခဲ့တယ်။နောက်နှစ်ဆိုရင် ညီမလေးကလည်း အဝေးသင်ဖြေရမှာဆိုတော့ သားငယ်မန္တလေး
မှာရှိနေတော့ ပိုကောင်းတာပေါ့လို့ မေမေ့ကိုပြောယူရတယ်။အစ်ကိုနှစ်ယောက် အိမ်ကထွက်သွားပြီးတဲ့ နောက်ပိုင်းမှာ အားကိုးစရာသားဆိုလို့ ကိုပဲရှိတော့ မေမေကလည်း ကို့ကိုပဲ အားကိုးရှာတယ်။ညီမနှစ်ယောက်ကလည်း တခုခုလိုချင်ပြီဆိုရင် ကို့ ကိုပဲ ပူဆာလေ့ရှိတယ်။ခုတော့ နွေးထွေးတဲ့ မိသားစုလေးနဲ့ခွဲပြီး ဘ၀တိုးတက်ရာတိုးတက်ကြောင်းအတွက် ကိုသွားရတော့မယ်ပေါ့။
နေထိန်နဲ့အိသွယ်တို့ကလည်း ကျောင်းပိတ်လို့ပြန်လာရင် ကိုတို့အိမ်ကို လာလည်လေ့ရှိတယ်။ကိုကတော့ သူတို့အိမ်တွေ တခါမှမရောက်ဖူးပါ။သူတို့ခေါ်တိုင်းလည်း အကြောင်းတခုခုပြကာ ငြင်းခဲ့တယ်။ကိုမန္တလေးကို အလုပ်သွားလုပ်မယ်ကြားတော့ သူတို့နှစ်ယောက် အိမ်ကိုရောက်လာတယ်။ကိုရဲ့စိတ်ဓာတ်ကို သိနေတဲ့သူတို့က
တားမြစ်စကားမဆိုကြဘူး။အရာရာမှာ ဂရုစိုက်ဖို့နဲ့ အလုပ်ကိုကြိုးစားဖို့၊သူတို့လည်း လာမယ့်ကြံရာသီမှာ သကြားစက်မှာ စိတ်မှုးရာထူးနဲ့ အလုပ်လုပ်မယ်ဆိုတဲ့အကြောင်းပြောသွားကြတယ်။ည ဘူတာဆင်းတော့ အိသွယ်က လိုက်လာပြီး ဘောပင်နဲ့ဒိုင်ယာရီ စာအုပ်လေးကို လက်ဆောင်ပေးသွားတယ်။
ဒီလိုနဲ့ပဲ ကိုနိုင်စိုးဆီမှာ ကို အလုပ်ဝင်ခဲ့တယ်။စစချင်းလမှာပဲ လစာကို(၈၀၀၀)ပေးခဲ့တယ်။အလုပ်ထဲမှာ မှတ်မှတ်ရရဆိုလို့ ကို အလုပ်ဝင်ပြီးတစ်ပတ်လောက်အကြာမှာပေါ့ ပွဲရုံကို ကောင်မလေးတစ်ယောက်ရောက်လာတယ်။
ကိုရဲက ပုံမှန်အတိုင်း စာရင်းတွေလုပ်နေတုန်း ရုတ်တရက်
" ရှင့်နာမည် ဘယ်လိုခေါ်သလဲ"..၊ရုတ်တရက်ဆိုတော့ ကိုလဲကြောင်သွားတယ်။ဘာပြောရမှန်းမသိပေ။
ဘေးကအလုပ်သမားခေါင်းကြီးက "ကိုရဲ ပါမမလေး.."
" ကိုရဲ ဒါက ကိုနိုင်စိုးရဲ့ညီမ နှင်းသဇင်တဲ့၊အားလုံးကတော့ မမလေးလို့ပဲ ခေါ်ကြတယ်"
" ဟုတ်ကဲ့ ပြောပါ မနှင်းသဇင်၊ကျွန်တော် ဘာလုပ်ပေးရမလဲ"
" မနှင်းသဇင်လို့ မခေါ်ပါနဲ့။သူများတွေခေါ်သလိုပဲခေါ်ပါ"
"ဟာ..၊နာမည်ခေါ်တာပဲ ဘာဖြစ်မှာမို့လဲ"
အလုပ်သမားခေါင်းကြီးက မျက်စိမှိတ်ပြတော့လည်း ကိုမသိပါ။
" ရှင်က ကျွန်မရဲ့ အလုပ်သမားပဲ ခေါ်ဆိုခေါ်ပေါ့"
ကိုလည်း ဘာမှဆက်မပြောတော့ပါ။ကိုယ့်အလုပ်ကိုဆက်လုပ်နေလိုက်တယ်။ခဏနေတော့ မယ်မင်းကြီးမတစ်ယောက်တည်း စိတ်တိုပြီး ထွက်သွားတယ်။နှင်းသဇင် ပြန်သွားမှ အလုပ်သမားခေါင်းကြီးက
သူ့အကြောင်းပြောပြတယ်။ကိုနိုင်စိုးမှာ ညီမတစ်ယောက်တာရှိကြောင်း၊သူတို့မိဘတွေက လွန်ခဲ့တဲ့ (၁၀)နှစ်
လောက်က ဆုံးသွားတယ်။ဒီအစ်ကိုနဲ့ ညီမပဲရှိတော့ ကိုနိုင်စိုးကလည်း အရမ်းချစ်ကြောင်း၊မောင်နှမ(၂)ယောက်
အသက်(၁၀)နှစ်နီးပါးကွာကြောင်း ပြောပြတယ်။
ဒီတော့မှပဲ ကိုလည်း ကိုနိုင်စိုးတို့ အကြောင်းကို ပြည့်ပြည့်စုံစုံ သိရတော့တယ်။နှင်းသဇင်ကလည်း တစ်လတစ်ခါလောက်တော့ သူ့အစ်ကိုရှိရာ ပွဲရုံသို့ လာလေ့ရှိသည်။သူ့အစ်ကိုနှင့် စကားပြောနေချိန်၊အလုပ်သမားတွေနဲ့စကားပြောရင် ပြုံးရယ်နေပြီး ကိုနားရောက်လာရင် ခပ်တည်တည်နေလေ့ရှိတယ်။ကို ကလည်း အလုပ်ဝင်လာတာ (၂)နှစ်နီးပါးရောက်လာတာ နှင်းသဇင်အား မမလေး ဟု တခါမှမခေါ်ပါ။ဒါကြောင့်လည်း ပါမှာပေါ့..။ဒီကောင်မလေးက စိတ်ရင်းကောင်းပါတယ်ဟု အလုပ်သမားတွေက ပြောလေ့ရှိတယ်။တခါတလေ ကိုနိုင်စိုးက မင်းအလုပ်သမားတွေနဲ့ဆက်ဆံတဲ့ပုံစံကို
ငါ့ညီမကတောင် ငါ့ကိုအတုယူဖို့ ပြောတတ်တယ်ကွဟု ဆိုလေ့ရှိသည်။အော်...ဒီကလေးနှယ်..ကို့ကျမှမျက်နှာ
ထားတင်းတင်းနဲ့ ကြည့်ရတာလဲကွယ်။
ကိုဘယ်လောက်ထိအတွေးလွန်နေသည်မသိ။ဦးဇင်းက ခေါင်းကိုလာပုတ်မှပင် သိတော့တယ်။ခုတော့လည်း အရင်တုန်းက အရာတွေက ဘာမှမဟုတ်တော့သလိုပါပဲကွယ်။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home