မျှော်တလင့်လင့်(၇)
ကို ပွဲရုံကိစ္စနဲ့ ကလေးဘက်ကို ထွက်လာတာ အစစအရာရာအဆင်ပြေခဲ့သည်။ကံကောင်းချင်တော့ အိန္ဒိယဘက်မှ ကုန်သည်ကြီးများနှင့် ထိပ်တိုက်တွေ့ဆုံခွင့်ရခဲ့တယ်။သူတို့ကလည်း အခုလို ဆင်းဝယ်နေရတာထက်စာလျှင် အမြဲတမ်း ကုန်စည်စီးဆင်းမှုကို လိုချင်နေသည်။မြန်မာပြည်ဘက်မှ ကုန်သည်ကြီးများနှင့် တိုက်ရိုက်ဆုံကာ လုပ်ချင်နေသည်။အိန္ဒိယမှာက စက်မှုလုပ်ငန်းတွေကလည်း တဟုန်ထိုးတိုးတက်နေတော့ ကုန်ကြမ်းတွေအများကြီး လိုအပ်လာတယ်။လူဦးရေကလည်းများတော့ အခြေခံစားသောက်ကုန်တွေကို အိမ်နီးချင်းမြန်မာနိုင်ငံမှ တင်သွင်းလာသည်။ကလေးတွင်ပင် အဆင်ပြေပေမယ့် တမူးထိရောက်အောင် ကို လိုက်သွားတယ်။ခရီးသွားရတာကို နှစ်သက်တဲ့ဇာတိက ပြလာတာနေမှာပေါ့။ကိုနိုင်စိုးကိုတော့ ဖုန်းလှမ်းဆက်ပြောရတယ်။
မန္တလေးရောက်တော့ ကိုနိုင်စိုးနဲ့ သေချာဆွေးနွေးရသည်။ နိုင်ငံခြားသားဆိုတာက အလုပ်လုပ်တာတိကျသည်။အချိန်တိကျသည်။ကို့ ဘက်ကလည်း တိုးတက်ချင်ရင် အစစအရာရာ လိုက်ပြောင်းလဲနိုင်၇မည်။လိုအပ်တဲ့ ကုန်ကြမ်းတွေရဖို့ အလယ်ပိုင်းဒေသတွေကို ကိုနိုင်စိုးနဲ့အတူ ခရီးခဏခဏထွက်ရသည်။ နယ်မြို.များမှ ပွဲရုံများနှင့်လည်း တခါတည်း ချိတ်ဆက်ခဲ့တယ်။ဘာပဲပြောပြော ကို.နိုင်ငံက ကုန်တွေ ဈေးကောင်းရရင် ကိုယ့်ဆီက တောင်သူတွေ ၀င်ငွေကောင်းလာတာပေါ့။ ဘာပဲပြောပြော ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုပြီး ရှိတယ်မဟုတ်လား။ကို ကိုတိုင်းကလည်း အရင်က တောင်သူလုပ်ဖူးတာဆိုတော့ တောင်သူတွေရဲ့ဘ၀ကို နားလည်သည်။တောင်သူတွေ ဘယ်လောက်ပင်ပန်းတယ်ဆိုတာကို လုပ်ဖူးသူမှ သိပေလိမ့်မည်။
ကိုလည်း ဒီနေ့မှပဲ ပွဲရုံမှာ ထိုင်ဖြစ်တော့သည်။ သဇင်နဲ့လည်း မတွေ့ရပါ။ကိုနိုင်စိုးရဲ့ ကားနဲ့ သွားတာဆိုတော့ ခရီးသွားခါနီးရင် ကို.အိမ်ကို လာလာခေါ်တယ်။ကိုနိုင်စိုးနဲ့က အကိုတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို ဖြစ်နေပြီ။ ကို့မိသားစုအကြောင်းတွေ အကုန်လုံးကို ကိုနိုင်စိုး သိထားတယ်။ဒီတော့ ကို့ ကို ပိုမိုခင်မင်လာတယ်။လုပ်ငန်းခွင်မှာလည်း ကို့ ကိုသာလွှဲထားတော့တယ်။ နှင်းသဇင်ကိုလည်း လိုအပ်တာဆုံးမဖို့ ခဏခဏပြောသည်။ဒီနေ့လည်း ကိုနိုင်စိုးက သဇင်ကို လိုက်ပို့ရန်ပြောသွားတယ်။ ထုံးစံအတိုင်း အအေးဆိုင်လေးမှာ ထိုင်ဖြစ်ခဲ့တယ်ပေါ့။
`သဇင်တော့ ဒီလမှာ တော်တော်ပင်ပန်းသွားမှာပေါ့ ဟုတ်လား´
` အင်း နည်းနည်းပေါ့ ဒီလောက်လည်း မဟုတ်ပါဘူး´
`ဘယ် ဟုတ်မလဲ သဇင်ရ ၊(၃) ယောက်စာကို တစ်ယောက်တည်း လုပ်ရတာဆိုတော့´
` ကိုရဲက သနားလို့လား သဇင့်ကို ´
`အင်း ပေါ့ ၊သူဌေးသမီးတစ်ယောက်က ပင်ပန်းနေတော့ ဘယ်ကြည့်ရက်ပါ့မလဲ´
` အံမယ်..သဇင်တို့လည်း အဲဒီလောက် မချမ်းသာပါဘူးနော် ´
` ကို က သဇင့် ကို အဲဒါတွေ သဘောကျတာ ´
` ရှင်..´
` sorry ကို စကားပြောတာ လောသွားလို့ပါ၊ သဇင်က မာနတွေလည်း မရှိဘူး ၊အလုပ်ဆိုရင်လည်း ကြိုးစားလို့လေ´
` အော် ဒါကတော့ သဇင်က ဒီလိုပဲ နေတတ်လို့ပါ´
` ကို ရဲ လည်း တော်တော် ပင်ပန်းသွားမှာပေါ့၊တမူးက ပြန်လာတော့လည်း နယ်တွေကို ဆက်ထွက်ရသေးတယ်´
` သဇင် ရယ် လူဆိုတာ တိုးတက်ဖို့ အမြဲကြိုးစားနေရမယ်လေ ၊ကို နိုင်စိုးတို့ သဇင်တို့အလုပ် က ကို့ အလုပ်ပဲလေ။
အလုပ်သမားဆိုတာ အလုပ်ရှင်ရဲ့တိုးတက်ရာ တိုးတက်ကြောင်းကိုလည်း ကြိုးစားရသလို ကိုယ့်အလုပ်လိုလည်း သဘောထားရမယ်လေ´
` ကိုရဲ လို လူမျိုးကို ရထားတာ သဇင်တို့ ကံကောင်းတာပေါ့´
` ကိုလည်း အတူတူပါပဲ ၊သဇင်တို့လို အလုပ်ရှင်နဲ့တွေ့ရတာ ကံကောင်းတာပါပဲ´
`ဒါနဲ့ စကားမစပ်..ကိုရဲက စကားပြောရက် ကို လို့ပဲ သုံးတယ်နော် သဇင်သတိထားမိတာကြာနေပြီ ဘာလို့လဲ´
` အော် ဘာရယ်မဟုတ်ပါဘူး ငယ်ငယ်တုန်းက ဖတ်တဲ့စာအုပ်တအုပ်ထဲမှာ ကိုဆိုပြီး သုံးလို့ သဘောကျလို့ လိုက်သုံးတာ´
` သိပါဘူးလေ..ရည်းစားနဲ့ပြောရင်းနဲ့များ အကျင့်ပါသွားတာလားလို့ပါ´
` အော် သဇင်လည်း သိရဲ့သားနဲ့ ´
` အံမယ် သူများကို ဆွဲမထည့်ပါနဲ့ ရည်းစားမ၇ှိဘူးကလည်း ကြွားသေးတယ်။ရိုက်တောင် မစစ်ရသေးဘူး´
` အာ ဟ..အဲဒီသဘောမဟုတ်ပါဘူး သဇင်ရာ´
` ကဲပါ ထားလိုက်ပါတော့ ယုံပါတယ် ကိုကြီးကလည်း ပြောပါတယ် ကိုရဲမှာ ရည်းစားမရှိဘူးလို့´
` အမ်..သဇင်က ဘာလို့ အကို့ကို သွားမေးတာလဲ´
သဇင့်မျက်နှာလေး ညနေဆည်းဆာရဲ့အောက်မှာ ရဲတက်သွားပါတော့သည်။
`မသိဘူးကွာ..၊အိမ်ပြန်တော့မယ် နောက်ကျနေပြီ´
ဘာပဲပြောပြော ကိုပျော်ပါသည်။ သဇင်နဲ့ အတူတူရှိနေချိန်တွေကို စိန်စီထားလို့ ရရင် စိန်စီထားလိုက်ချင်သည်။ဒါပေမယ့် ကို မမျှော်လင့်ရဲပါ။သဇင့်ကို ကိုချစ်နေတယ်ဆိုတာကို ကို ညစဉ်ရေးနေကျ Diary စာအုပ်လေးကသာ အသိဆုံးဖြစ်ပေလိမ့်မည်။
ဒီနှစ်တော့ ကိုလည်း အိမ်ကို စာသိပ်မရေးဖြစ်တော့ပါ။အိမ်ကလည်း အရေးကြီးမှသာ စာရေးတော့သည်။အားလုံးကတော့ အဆင်ပြေစွာ လည်ပတ်နေပါပြီ။ညီမလတ် အောက်တိုဘာမှာ အဝေးသင်စာမေးပွဲလာဖြေတော့ မန္တလေးမှာ မရောက်ဖူးတဲ့နေရာတွေကို လိုက်ပို့ပေးရတယ်။ ညီမလေးမျက်နှာမငယ်ရအောင် ထောက်ပံ့ရသည်။တစ်နေ့တော့ သဇင်က ညီမလေးနဲ့မိတ်ဆက်ပေးပါဆို၍ မိတ်ဆက်ပေးရသေးသည်။
`ညီမလေး ဒါက ကိုကို့အလုပ်ရှင် နှင်းသဇင်တဲ့၊သဇင် ဒါကတော့ ကို့ ညီမလတ် သက်နှင်းလှိုင်ပါ´
` ဟုတ် ခုလို သိရတာကို ၀မ်းသာပါတယ် မမ၊ညီမလေးကိုလည်း ကိုကိုဆုံးမသလိုပဲ ဆုံးမနိုင်ပါတယ်´
`ညီမလေးက အရမ်းချောတာပဲ ၊ဆံပင်ကလည်း အရှည်ကြီးပဲ ´
` ဟုတ်တယ်မမ ၊ကိုကိုက ညီမလေးတို့ အားလုံးကို ဆံပင်အရှည်ပဲ ထားခိုင်းတာလေ။မိန်းကလေးဆိုတာ ဆံပင်ရှည်လေးနဲ့မှ ကြည့်ကောင်းတာတဲ့ ၊ပြီးတော့ မိန်းမတို့ဘုန်း ဆံထုံးတဲ့လေ´
`ညီမလေးက အရမ်းလိမ်မာတာပဲနော် ၊ပြီးတော့ အကိုကိုလည်း တော်တော်ချစ်ပုံရတယ်´
`ဟာ ချစ်တာပေါ့ မမရဲ့..ကိုကိုကလည်း အရမ်းလိမ်မာတာ။ကိုကို့ကို ညီမလေးတင်မဟုတ်ဘူး တအိမ်လုံးကကို ချစ်တာ´
ပြီးတော့ ကိုကို ကခုထိလည်း ရည်းစားမရှိဘူး။ညီမလေးတို့ကိုလည်း လိမ်မာအောင် ကိုကိုကပဲ အများဆုံးသွန်သင်တာလေ´
`အမယ်..ညီမက ကိုယ့်အကို အကြောင်းကို အကောင်းတွေချည်းပြောနေပါလား´
` ဟုတ်ပါဘူး မမရဲ့..တကယ်ပြောတာပါ။ကိုကိုက စာလည်းတော်တယ်လေ။(၁၀)တန်းအောင်တုန်းကဆို အမှတ်တွေအများကြီးပဲ။မြို့ပေါ်က တစ်ယောက်က ကျောင်းထားပေးဖို့ ပြောသေးတယ်။ကိုကိုက ညီမလေးတို့နဲ့ အိမ်ကိုငဲ့ပြီး အလုပ်လုပ်ရင်း အဝေးသင်ပဲဆက်တက်ခဲ့တာလေ´
` အော်..ညီမလေး ပြောပြမှပဲ ကိုရဲအကြောင်းကို ကောင်းကောင်းသိတော့တယ်။ကိုရဲ က ဘာမှမပြောထားဘူးကွ´
ကြားထဲက ကို မနေတတ်တော့ပါ။
`ကဲကဲ ...စကားလည်းပြော ..အအေးလည်း သောက်ကြဦး။ ညီမလေးကို လိုက်ပို့ရဦးမယ်၊တော်ကြာနေ အဆောင်ပိတ်သွားဦးမယ်´
` သူ. ညီမကျတော့ သိတတ်လိုက်တာနော်´
` ဟုတ်ပါဘူး သဇင်ရဲ့ ၊အဆောင်မှာ နေတာဆိုတော့ အဆောင်စည်းကမ်းရှိသေးတယ်လေ´
`အင်းပါ..သဇင်က စတာပါ´
အဲဒီနေ့က မိတ်ဆက်ပေးပြီးတော့ သူတို့နှစ်ယောက်ပဲ အဓိက ပြောနေခဲ့တယ်။ကိုကတော့ ဘေးမှာငုတ်တုတ်။နောက်နေ့ ညီမလေးဆီ သွားတွေ့တော့ ...
`ကိုကိုနဲ့ အဲဒီတစ်ယောက်နဲ့က ကြိုက်နေတာလားဟင်´
` မဟုတ်ပါဘူး ညီမလေးရဲ့ ´
` ဟင်.ဒါဆိုရင် သူကဘာဆိုင်လို့ ညီမလေးနဲ့ တွေ.ချင်ရတာလဲ´
` ကိုကိုလည်း သိဘူးလေ ´
` ကိုကိုကတော့ လုပ်ပြီ..မိန်းကလေးတစ်ယောက်က ဒီလောက် favour ပေးနေတာကို..ကိုကိုကရော မကြိုက်ဖူးလား´
`အ ဟဲ..ကိုကိုကတော့ ချစ်တာပေါ့..တပိုင်းတောင် သေနေပြီ´
`အမ် ဒါနဲ့များ ကိုကိုရာ ဖွင့်ပြောလိုက်ပေါ့ ´
` မဖြစ်နိုင်ပါဘူး ညီမလေးရာ..။ကိုကိုက သူတို့အလုပ်သမားလေ..၊ကျေးဇူးဆိုတာက ရှိသေးတယ်လေ´
`အော် ကိုကိုရယ်..ညီမလေးက မိန်းကလေးအချင်းချင်း ပိုသိတာပေါ့...ပြီးတော့ ဒီခေတ်ကြီးမှာ လူတိုင်းအတူတူပါပဲနော်´
` ကိုကို့ညီမလေးတောင် တော်တော်သိနေပြီပဲ..ဘယ်ဆိုးလို့လဲ၊ကဲပါ ကိုကိုလည်း အချိန်သိပ်မရဘူး ပွဲရုံကို ပြန်သွားရဦးမှာ ညီမလေးမှာ သုံးဖို့ပိုက်ဆံရှိသေးရဲ့လား´
`ရှိပါတယ် ကိုကိုရဲ့..ညီမလေးစာအုပ်ဝယ်တာလောက်ပဲကုန်သေးတယ်..။အဆောင်ကြေးတွေကလည်း ကိုကိုက ပေးထားပြီးသားလေ။ ကျန်တာတွေက သိမ်းထားတယ်။စာမေးမွဲပြီးလို့ ပြန်ရင် အငယ်မနဲ့ မေမေ+ဖေဖေတို့အတွက် လက်ဆောင်ဝယ်သွားမယ်လေ´
`ညီမလေးက အရမ်းလိမ်မာတာပဲ´
` အော် ကိုကို့ညီမပဲလေ´
` ဟုတ်ပါပြီဗျာ ၊စာလည်းသေချာကျက်ဦး ကိုကိုသွားတော့မယ်´
ညီမလတ် စာမေးပွဲဖြေတော့လည်း နေ့တိုင်းလိုလိုသွားဖြစ်ခဲ့တယ်။ တခါတလေမှာ နှင်းသဇင်က လိုက်ခဲ့တယ်။ညီမလေးအတွက် မုန့်တွေဝယ်ပေးတယ်။ကို က မပေးနဲ့ပြောလည်း မရပါ။ညီမလေးကလည်း အစကတော့ မယူရဲ့ပါ။ကိုက ခွင့်ပြုမှသာ ယူခဲ့တယ်။
သဇင်ပါလာတိုင်း ညီမလေးက မျက်စိမှတ်ပြကာ အားပေးတိုက်တွန်းတတ်သည်။ပါသွားမှာ မကြောက်ဖူးလားဟုလည်း ပြောတတ်တယ်။အော် ညီမလေးရယ် ဘ၀ဆိုတာက ရှိသေးတယ်လေ။ကိုကိုတို့ ညီမလေးတို့ဘ၀က ခုမှစတာလေ။ဒီအချိန်မှာ ကိုကိုက ချမ်းသာတဲ့ချစ်သူကို ကိုကိုတို့ဘ၀ထဲကို ဘယ်လိုခေါ်ရက်မှာလဲကွယ်။

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home