Thursday, March 1, 2007

မျှော်တလင့်လင့်(၁)

"ကိုရဲ ဖုန်းလာတယ်"....
စာရေးတစ်ယောက်က လာပြောတာနဲ့ ဖုန်းပြောဖို့ ကို ထွက်လာခဲ့တယ်။
" ဟုတ်ကဲ့ အမိန့်ရှိပါ၊ကိုရဲ ပြောနေပါတယ်"
" ကိုရဲ ၊ငါပါဟ ။နိုင်စိုးပါ"
" ဟုတ်ကဲ့ ကိုနိုင်စိုး ပြောပါ"
" အေး..ငါအခု ရန်ကုန်က ပွဲရုံတွေနဲ့ စကားပြောပြီး သွားပြီကွ၊မင်းထင်ထားသလိုပဲ သူတို့က ငါတို့ရဲ့ plan ကို
သဘောတူတယ်။ငါလည်းဝမ်းသာတာနဲ့ သူတို့နဲ့ စကားပြောပြီးပြီးချင်း မင်းဆီကို ဖုန်းဆက်လိုက်တာ။ငါမန္တလေးကို
ပြန်ရောက်မှ မင်းကိုဂုဏ်ပြုတော့မယ်။ခုတော့ ဒီလောက်ပဲကွာ"
" ဟုတ်ကဲ့ ကိုနိုင်စိုး"
ဖုန်းပြောပြီး သွားတော့ ကို နားမနေနိုင်သေးပါ။ဒီလအတွက် လချုပ်စာရင်း လုပ်ရဦးမည်။သန်ဘက်ခါဆို အလုပ်
သမားတွေကို လခထုတ်ပေးရဦးမည်။ပြောမယ်ဆို ကိုလည်း ကိုနိုင်စိုးရဲ့ အလုပ်သမားတစ်ယောက်ပါပဲ။
ဒါပေမယ့် (၂)နှစ်ဆိုတဲ့ ကာလအတွင်းမှာ အရာရာက ပြောင်းလဲခဲ့ရတယ်။ကို့ရဲ့ လုပ်ရည်ကိုင်ရည် ရှိမှု၊စည်းကမ်း
ရှိမှု၊အလုပ်သမားအချင်းချင်းပေါ်မှာ သိတတ်မှု ၊စီးပွားရေးဘက်မှာ အကွက်မြင်တတ်တာတွေက အချိန်ခဏလေးအတွင်းမှာ ကိုနိုင်စိုးရဲ့ ယုံကြည်စိတ်ချရတဲ့ လက်ထောက်တစ်ယောက်အဖြစ်ကို ရောက်ရှိခဲ့တယ်။သူဌေးရဲ့ လက်ထောက်ဆိုပြီး ကို့မှာ မောက်မာမှု လုံးဝမရှိပါ။အလုပ်သမားတွေအားလုံးကို
လည်း အစ်ကိုလို၊ဦးလေးလို ဆက်ဆံတယ်အလုပ်သမားအခွင့်အရေး မဆုံးရှုံးရအောင် အမြဲဆောင်ရွက်ပေးလေ့
ရှိတယ်။လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရရင်လည်း ဆေးရုံစတက်သည်မှ ဆင်းတဲ့အထိ ငွေရေးကြေးရေးက အစ
အကုန်လိုက်လုပ်ပေးတယ်။ဒါကြောင့်လည်း အလုပ်သမားတွေရဲ့ မိသားစုတွေကတောင် ကို့ကိုခင်မင်ကြတယ်။
ကိုနိုင်စိုးကတောင် တခါတခါနောက်သေးတယ်။အလုပ်သမားတွေက မင်းကိုတောင် ပိုရိုသေသေးတယ်ကွာတဲ့။
ကို လည်းတမင်တကာ လုပ်ယူခြင်းမဟုတ်ပါ။မေတ္တာရောင်ပြန်ခြင်းသာ ဖြစ်ပါလိမ့်မည်။
"ကိုရဲ ရေ..မတ္တရာဘက်က နောက်ဆုံးကုန်ကား ၀င်ပြီးသွားပြီ။အလုပ်သမားတွေလည်း ဂိုဒေါင်သန့်ရှင်းရေးလုပ်
ပြီး ပြန်သွားကြပြီ။ကိုရဲ ကို ဦးလေးစာရင်းတွေ လာပေးတာ"
" ဟုတ်ကဲ့ဦး..၊ပြောထားတဲ့ စာရင်းနဲ့ ကိုက်တယ်မို့လား"
" အေး..ငါ့တူ"
"ဒါဆို ဦးလည်းပြန်ပါတော့လေ၊ဂိုဒေါင်စောင့်တွေ ရောက်နေပြီမို့လား"
" ရောက်ပြီငါ့တူ...၊မင်းရောမပြန်သေးဘူးလား၊မနက်ကျတော့လည်း အလုပ်သမားတွေထက်စောပြီးလာ၊ပြန်
တော့လည်း ပိုနောက်ကျသေးတယ်။ငါ့တူလို လူမျိုးကတော့ ရှားပါတယ်ကွာ"
"ကျွန်တော်ကလည်း ၀ါသနာပါလို့ပါ ဦးရာ"
" အေးပါကွာ..ဒါဆိုလည်း ဦးလေးပြန်ဦးမယ်၊မိုးတော့အရမ်းမချုပ်စေနဲ့ဦး"
အလုပ်သမားခေါင်း ဦးလေးကြီးပြန်သွားတော့ လချုပ်စာရင်းကို ပြီးအောင်တွက်နေရတယ်။ကို့ဇောနဲ့ ဆိုတော့
ဘာမှမသိလိုက်။ပြန်ဖို့ ကြည့်လိုက်တော့ ည(၉)နာရီထိုးနေပြီ။ဘုန်းကြီးကျောင်းမှာ နေရတာဆိုတော့ အချိန်မီ
လည်း ပြန်ရဦးမည်။
နောက်နေ့ရောက်တော့ ကိုနိုင်စိုး ပြန်မလာသေးတာနဲ့ပဲ လုပ်ငန်းငွေတွေထဲကနေ လစာထုတ်ပေးလိုက်ရတယ်။ကို ကိုယ်တိုင်တော့ မယူသေးပါ။ဒီနေ့တော့ စာရင်းလည်းတွက်စရာမရှိပေ။
အလုပ်ကိုအကြွေးမထားတတ်တာကိုက ကို့ရဲ့အကျင့်ပဲလေ။အထက်က ကုန်တွေမ၀င်ခင်မှာ ဂိုဒေါင်သန့်ရှင်းရေး
ကို ကိုယ်တိုင်ဦးစီးလုပ်ရတယ်။ကောက်ပဲသီးနှံတွေ လတ်ဆတ်နေတော့ မြင်ရသူလည်း စိတ်ချမ်းသာတယ်လေ။
အလုပ်သမားတွေကိုလည်း အချိန်ရရင် အလုပ်နဲ့ပတ်သက်ပြီး ပြောလေ့ရှိတယ်။မိမိရဲ့အလုပ်ကိုလေးစားဖို့၊မိမိ
ရဲ့လုပ်အားကြောင့် ရလာတဲ့ငွေကိုသုံးစွဲတတ်ဖို့ ၊ပင်ပင်ပန်းပန်းရှာပြီးမှ လွယ်လွယ်နဲ့ မသုံးစွဲအောင် ပြောလေ့ရှိတယ်။
ကိုနိုင်စိုးပြန်လာတော့ လချုပ်စာရင်းနဲ့ လစာထုတ်စာရင်းအပ်လိုက်တယ်။
" ကိုရဲ...၊မင်းက မယူရသေးဘူးလား"
" ဟုတ်ကဲ့ ကိုနိုင်စိုး"
" မင်းကလဲကွာ၊ စာအုပ်ကြီးသမားပဲ။မင်းလဲယူထားလိုက်ပြီးရော"
" ရပါတယ် အကိုရာ၊ကျွန်တော်လည်းအရေးတကြီး မလိုသေးလို့ပါ"
အဲဒီနေ့က ကိုနိုင်စိုးကို ခွင့်တောင်းပြီး စောစောပြန်လာခဲ့တယ်။ဘုန်းကြီးကျောင်းဝိုင်းထဲမှာ တံမြက်စည်းလှဲ၊အ
မှိုက်ကျုံးပြီး ရေမိုးချိုးတယ်။ညနေစာ စာပြီးတော့ ကျောင်းဘေးက သစ်ပင်နားမှာ စာဖတ်ဖို့ထွက်လာခဲ့တယ်။
မဂ္ဂဇင်းဖတ်ရင်းနဲ့ တခုသောဆောင်းပါးလေးက ကို့ရဲ့အတွေးတွေကို အတိတ်ကာလကို ပြန်လည်ယူဆောင်သွားတယ်လေ။
အော်..လွန်ခဲ့သော (၁၅)နှစ်လောက်ကလို့ပဲ ပြောရတော့မှာပေါ့...။



0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home