အစဉ်
သည်ဆောင်းဟေမာန်၊ ရောက်ပြန်လေတော့
နှင်းမှုန်ဖွေးဖွေး၊ ချမ်းအေးအေးမှာ
မေ့လက်ကိုတွဲ ၊တူယှဉ်လျှောက်စဉ်
လောကဓာတ်အအေး
အံတုရင်ဆိုင် ၊နေခဲ့နိုင်သည်
ရင်မှာနွေးထွေး၊ မေ့အပြုံးလေး။
ဂိမာန်နွေခါ ၊ရောက်လေပြန်လည်း
ရိုးတံပြိုင်းပြိုင်း သစ်အိုပင်လား
ထင်မှတ်မှားရ
ပူကျစ်ပူလောင် နွေလည်ခေါင်ဝယ်
ဥသြငှက်ငယ် လွမ်းတေးဆိုသော်
မေ့ကိုသာပဲ လွမ်းမိသည်။
မိုးနှောင်းဝသန် ရောက်လေပြန်လည်း
ဝန်းကျင်တခို တိမ်ညိုတိမ်မှိုင်း
လျှပ်ပန်းလျှပ်နွယ် မိုးရေလည်မှာ
မေနဲ့အတူ ထီးတလက်ကိုဆွဲ
ဝန်းကျင်ကိုမေ့လို့
မိုးရေထဲမှာ လျှောက်သွားချင်သည်။
မေ...
အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်တိုင်းရဲ့
စိတ်ကူးယဉ်မှု
လွမ်းဆွတ်မှုတိုင်းမှာ
မေသာအစဉ် ရှိနေကြောင်းကို
..........ရှိနေကြောင်းကို။
ရှိန်း
၂၄.၁၁.၂၀၀၇

