တိုင်တည်ရာ
မေ....
အစတုန်းက သူများတွေကိုလှောင်ခဲ့၊ရယ်ခဲ့တဲ့သူတစ်ယောက် ခုတော့ဝဋ်လည်ပြီလို့ဆိုရတော့မှာပေါ့။ အရင်တုန်းက ကိန္ဒရီ၊ကိန္ဒရာ မောင်နှံ တစ်ညတာဝေးရရုံနဲ့ ရက်ပေါင်း(၇၀၀)လွမ်းရတယ်ဆိုတုန်းကတော့ မဖြစ်နိုင်တာကွာရယ်လို့ ကိုယ်တိုင်ပြောခဲ့သူက အခုတော့
ချစ်သူနဲ့တစ်ရက်မတွေ့ရရင်ကို မနေတတ်အောင်ဖြစ်ခဲ့ရပြီပေါ့။သြော်....ကိုယ်ချင်းစာတတ်လာတယ်ဆိုတာ ဒါမျိုးပဲနေမှာပေါ့။
မေ....
အာသာဝတီနွယ်နီနတ်ပန်းဆိုတာ လူတိုင်းဆွတ်ချူချင်ကျတာလေ။မေက ပြောခဲ့တယ်နော်...မောင်က လိုချင်တဲ့အရုပ်လေးတစ်ခုကို တွေ့လိုက်လို့ ၀ယ်လိုက်တဲ့သဘောလားတဲ့။မဟုတ်ရပါဘူး မေရယ်...။လူတိုင်းရဲ့စိတ်ကူးမှာ သူတို့တွေအတောင်တဆုံးလိုအင်တွေ ရှိကြတယ်လေ။မောင့်ရဲ့စိတ်ကူးမှာရှိနေတဲ့ နတ်သမီးလေးကို အပြင်မှာတွေ့လိုက်ရတော့ မောင် မပျော်ရတော့ဘူးလား။စိတ်ကူးနဲ့လက်တွေ.တစ်ထပ်တည်းကျဖို့ဆိုတာ မလွယ်ကူပါဘူး။ဒါပေမယ့် မောင်ရဲ့စိတ်ကူးတည်းက နတ်သမီးက
မောင့်ကိုအပြင်မှာလည်း ပျော်ရွှင်မှုတွေ ပေးခဲ့တယ်လေ။
မေ...
ချစ်တတ်လာရင် နှလုံးသားထဲမှာကဗျာတွေက အလိုလိုဖြစ်တည်လာတယ်တဲ့။အဲဒီကဗျာတွေကလည်း ချစ်သူနဲ့တွေ့တဲ့အခါမှ
သာလျှင်နှုတ်ကဖွင့်ဟဆိုတတ်တဲ့အတွက် မေ့အတွက် မောင်က စကားပြောကောင်းသူတစ်ယောက် ဖြစ်သွားရပြန်ရော။
မေ...
ချစ်တတ်လာခြင်းနဲ့အတူပူးတွဲခံစားလာရတာကတော့ ချစ်သူကို ရယူပိုင်ဆိုင်လိုခြင်းနဲ့ ဆုံးရှုံးရမှာကို ကြောက်လာခြင်းတို့ပါ။
ချစ်သူနဲ့အချိန်တိုင်းတွေ့နေချင်တယ်။စကားတွေပြောနေချင်မိတယ်။ရာဇ၀င်ထဲမှာ တာနောယက္ခဘီးလူးကြီးက သူ့ရဲ့ချစ်သူလေးကို
စိတ်မချတဲ့အတွက် ဖန်ကြုတ်လေးထဲကိုထည့်ထားပြီး အာခံတွင်းမှာ ငုံထားရှာတယ်တဲ့။မောင်ကတော့ သူ့လို အာခံတွင်းမှာတော့
မငုံရက်ပါဘူး။မေ အသက်ရှူကျပ်မှာစိုးလို့..။ဒါဆိုမောင် က မေ့ကိုဘီးလူးက သူ့ချစ်သူကိုချစ်သလောက် မချစ်လို့ပေါ့လို့ မေ့မှာ မေးစရာရှိလာရမှာပေါ့။မဟုတ်ရပါဘူးမေရယ်...မောင်က မေ့ကိုအကြွင်းမဲ့ယုံကြည်ထားတယ်လေ။ပြီးတော့ မောင့်အချစ်တွေက ဘီလူးကြီးထက်အဆ အများကြီး သာပါပေတယ်ကွယ်.။
မေ...
နောက်ဆုံးတော့ မောင့်ရဲ့စိတ်ကူးတိုင်းဟာ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီ လိုပဲ အရာအားလုံးကို မေနဲ့တွဲပြီး မြင်တတ်နေပြီ။
၀၁း၀၀(၂၈.၀၉.၂၀၀၇)
ရှိန်း

